MT News
၁၄. ၁. ၂၀၂၃

ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဘုရား၏ ဂန္ဓကုဋီတိုက်အတွင်း သင်္ကန်း၀တ်ကိုယ်တော်တစ်ပါးက ဘုရားစင်မြင့်ပေါ်တက် ခြေစုံရပ်ကာ အများပြည်သူအမြင်မသင့်အောင် ပြုလုပ်မှုအပေါ် ဘုရားကြီး၏ ဩဝါဒစရိယဆရာတော်ကြီးများ၏ ဩဝါဒနှင့်အညီ အရေးယူရန် ဆောင်ရွက်မည်ဟု ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဘုရားဂေါပက အဖွဲ့က ယနေ့တွင် အသိပေး ကြေညာထားသည်။

ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ ဂန္ဓကုဋီတိုက်အတွင်း၌ သင်္ကန်း၀တ်ကိုယ်တော်တစ်ပါးမှ မတက်ရောက်အပ်သော အဂါရ၀ဖြစ်စေသည့် အမြင့်ထက်သို့ တက်ရောက်ခဲ့သောဓာတ်ပုံနှင့်တကွ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် တွေ့ရှိသဖြင့် စစ်ဆေးရာ
အဆိုပါ ဖြစ်စဉ်မှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုနေ့တွင် ယင်း သင်္ကန်း၀တ်ကိုယ်တော်မှ တပည့်များနှင့်လာရောက်ခဲ့ပြီး နေ့လည် ၁၂ နာရီ ၄ မိနစ်ခန့်အချိန် ဘုရားကြီး၏ ဂန္ဓကုဋီတိုက်အတွင်း ဘုရားဖူးများမရှိသည့်အချိန်နှင့် တာ၀န်ကျ၀န်ထမ်းများ ထမင်းစားနေချိန်တွင် မသမာသောနည်းဖြင့် အခွင့်ကောင်းယူကာ သာသနာညှိုးနွမ်းစေသော ရည်ရွယ်ချက်ဖြင့် ဘုရားဖူးသူများအရောက်နည်းသော ကြာသပတေးထောင့်ရှိ ဘုရားကြီးအား ဆွမ်း၊ ပန်း၊ ရေချမ်း ကပ်လှူထားသောအမြင့်ပေါ်သို့ စက္ကန့်ပိုင်းအတွင်းတက်ရောက်ဓာတ်ပုံရိုက်ခံသည်ကို ဘုရားကြီးတွင်တပ်ဆင်ထားသော CCTV မှတ်တမ်းအရ တွေ့ရှိခဲ့ရသည်။

ထိုသင်္ကန်း၀တ်မှာ ကျိုက္ခမီရေလယ်ဘုရားတွင်သာမကဘဲ တခြားသောမြို့များမှ ဘုရားများတွင်လည်း ယခုကဲ့သို့ အဂါရ၀ဖြစ်ရသည့် မတက်ရောက်အပ်သော နေရာသို့ တက်ရောက်ခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး ထိုနေ့က တာဝန်ကျဝန်ထမ်းများကိုလည်း အရေးယူထားကာ အဂါရ၀ဖြစ် သာသနာညှိုးနွမ်းစေသည့် မတက်ရောက်အပ်သော နေရာကို တက်ရောက်ခဲ့သော သင်္ကန်းဝတ်ကိုယ်တော်ကိုလည်း ကျိုက္ခမီရေလယ်ဘုရားကြီး၏ ဩဝါဒစရိယ ဆရာတော်ကြီးများ၏ ဩဝါဒများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

အဆိုပါ ကျိုက္ခမီရေလယ်ဘုရား၏ စင်မြင့်ပေါ်တွင် ဆင်းတုများကို ခြေထောက်အနီးထားကာ ဗုဒ္ဓဘာသာဝင်များ၏ စိတ်နှလုံးညှိုးနွမ်းစေအောင် လုပ်ဆောင်ခဲ့သည့် သင်္ကန်းဝတ်ကိုယ်တော်မှာ လူအမည် ကိုနေမျိုးကျော်ဖြစ်ပြီး လွန်ခဲ့သည့်တစ်နှစ်ကျော်က သင်္ကန်းဝတ်ပြီးချိန်တွင် အရှင်ဝိစာရိန္ဒမထေရ်အမည်ဖြင့် Facebook သုံးခဲ့ပြီး နဂါးဝင်စားသော ဘုန်းရှင်၊ ကံရှင်၊ ပါရမီရှင်ဟု ဆိုကာ သာသနာပြုရန်အတွက် iPhone 5G 1 Tb ဝယ်ယူရန် အလှုခံသဖြင့် 5G ကိုယ်တော်အဖြစ် ဝေဖန်မှုခံခဲ့ရသူဖြစ်သည်။

ထို့အတူ လူဝတ်ဖြင့်နေစဉ်ကလည်း နဂါးစာမကြာခဏကျွေးသူဖြစ်ကာ သူ့ကိုယ်သူ အနာဂတ်ကို ကြိုမြင်နိုင်သူအဖြစ် အသိမိတ်ဆွေများကို ပြောလေ့ရှိသူလည်း ဖြစ်သည်။ ထို့ပြင် ကိုနေမျိုးကျော် (ခ) အရှင်ဝိစာရိန္ဒမထေရ်သည် ယခင်နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းတစ်ဦး၏ မြေးတော်စပ်သူဖြစ်ကြောင်းလည်း လူ့ဘ၀တွင် ရင်းနှီးခဲ့သူမိတ်ဆွေတစ်ဦးက ပြောသည်။

“သူက အရင်တုန်းက နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းတစ်ယောက်ရဲ့ မြေးတော်တယ်။ စင်ကာပူကနေ ဘွဲ့ရလာတာ။ စာအရမ်းတော်ခဲ့တာ။ ဆယ်တန်းတုန်းကလည်း အမှတ်တွေအများကြီးနဲ့ အောင်ခဲ့တာ။ အရင်ကတည်းက သူက တစ်မျိုးလို့ သတ်မှတ်ထားတာ။ သူ့ကိုယ်သူ နဂါးမင်းကြီးတွေ၊ ဘာတွေက စောင့်ရှောက်တယ်လို့ ယုံကြည်တာ။ သူကိုယ်တိုင်ကလည်း နဂါးပြည်မှာ ခေါင်းဆောင်အဖြစ်ကနေ ဝင်စားတာလို့ အဲဒီလိုမျိုးအရမ်းယုံကြည်ပြီး အစွန်းရောက်တဲ့အထဲမှာပါတယ်”ဟု ကိုနေမျိုးကျော်အဖြစ် ရှိနေစဉ် ရင်းနှီးခဲ့သူမိတ်ဆွေတစ်ဦးက ပြောသည်။

ပုံစာ။ ကျိုက္ခမီရေလယ်ဘုရားဂေါပကအဖွဲ့ကြေညာချက်နှင့် ကိုနေမျိုးကျော်(ခ) အရှင်ဝိစာရိန္ဒမထေရ်ပို့စ်များ

Leave a Reply

Your email address will not be published. Required fields are marked *