၄.၂.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်ရဲ့အိမ်နီးချင်းနိုင်ငံတွေလည်းဖြစ်ပြီး အမေရိကန်နဲ့ ကုန်သွယ်မှုအများဆုံးနိုင်ငံတွေထဲမှာလည်းပါတဲ့ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့ကို ကုန်သွယ်စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းဆီကောက်ခံဖို့ ဖေဖော်ဝါရီလ ၁ ရက်မှာလက်မှတ်ထိုးခဲ့တဲ့အမိန့်ကို ရက်ပေါင်း ၃၀ ခေတ္တရပ်ဆိုင်းထားဖို့ ဖေဖော်ဝါရီလ ၃ ရက်မှာ သဘောတူညီခဲ့ပါတယ်။
ဒီနှစ်နိုင်ငံအနေနဲ့ နယ်စပ်လုံခြုံရေးနဲ့ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်ဖောက်ကားမှုတွေနဲ့ ပတ်သက်လို့ သူ့ရဲ့စိုးရိမ်မှုတွေကိုဖြေလျှော့စေမယ့် လုပ်ဆောင်ချက်တွေ စတင်လုပ်ဆောင်နေကြတာကြောင့်လည်း သူတို့ကို ကုန်သွယ်မှုအတား အဆီးတွေပြုဖို့ ခြိမ်းခြောက်ခဲ့တာကို ထရန့်က ရက် ၃၀ ဆိုင်းငံ့ခဲ့တာလို့ သိရပါတယ်။
ဒီလို ကုန်သွယ်မှုအတားအဆီးတွေပြုဖို့ ခေတ္တရပ်ဆိုင်းခဲ့တာက မြောက်အမေရိကတိုက်ရဲ့ စီးပွားရေးတက်မှုကို အန္တရာယ်ပြုမယ့် ကုန်သွယ်ရေးစစ်ပွဲအဖြစ်ရောက်ရှိစေလေမလားလို့ ယူဆရတဲ့ အမေရိကန်နဲ့ သူ့ရဲ့ အဓိကကုန်သွယ်ဖက်တွေအကြား အုတ်အော်သောင်းတင်းဖြစ်ခဲ့ရတဲ့အခြေအနေကို ရပ်ဆိုင်းစေခဲ့တာလို့ ဆိုရမှာဖြစ်ပါတယ်။
ထရန့်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ “ဒီလိုရလဒ်ထွက်လာတဲ့အတွက် အရမ်းကျေနပ်မိတယ်။ ခုလို ကုန်သွယ်မှုအတားအဆီးတွေပြုဖို့ကို ခေတ္တရပ်ဆိုင်းပြီးနောက် ကနေဒါနဲ့ နောက်ဆုံးသဘောတူညီချက်တစ်ရပ် တည်ဆောက်သွားနိုင်မလား စောင့်ကြည့်ရမှာဖြစ်တယ်” လို့ ရေးသားခဲ့ပါတယ်။
ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒေါကလည်း လူမှုကွန်ရက် X မှာ “ကျွန်တော်တို့ အတူတကွ အလုပ်လုပ်နေကြတုံးမှာ ဒီကုန်သွယ်မှုအတားအဆီးတွေကို ဆိုင်းငံ့ထားမှာပါ။ ကနေဒါအစိုးရအနေနဲ့ Fentanyl Czar ခေါ်တဲ့ မက္ကဆီကိုဂိုဏ်းတွေကို အကြမ်းဖက်အဖွဲ့တွေစာရင်းမှာသွင်းပြီး စနစ်တကျ ရာဇဝတ်မှုတွေ၊ ဖန်တာနိုင်းအသုံးပြုမှုနဲ့ ငွေကြေးခဝါချမှုတွေကို ကနေဒါနဲ့ အမေရိကန် ပူးတွဲတိုက်ခိုက်မှု ရက်အတန်ကြာပြုလုပ်သွားမယ်”လို့လည်း ရေးသားမှုအရ သိရပါတယ်။
ဒီလို ကုန်သွယ်မှု အတားအဆီးတွေပြုဖို့ကို ခေတ္တရပ်ဆိုင်းပြီးနောက်မှာပဲ မက္ကဆီကိုနိုင်ငံနဲ့လည်း မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်ဖောက်ကားမှုနဲ့ ဥပဒေနဲ့မညီ ပြောင်းရွှေ့နေထိုင်မှုတွေအတွက် ညှိနှိုင်းဆွေးနွေးပွဲတွေ ကာလအတန်ကြာပြုလုပ်သွားမယ်လို့လည်း သိရပါတယ်။
ရင်းနှီးမြှုပ်နှံသူတွေ၊ ကုမ္ပဏီတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေပါ စိုးရိမ်နေကြတဲ့ ကုန်သွယ်ရေးစစ်ပွဲကြီး ဖြစ်ပေါ်လာနိုင်ခြေက နည်းသွားတယ်လို့ဆိုရမှာဖြစ်ပေမယ့် ထရန့်ရဲ စည်းကြပ်ခွန်ဆိုင်ရာ ခြိမ်းခြောက်မှုတွေက ပြီးဆုံးသွားတာမဟုတ်ပါဘူး။ ကနေဒါနဲ့ မက္ကဆီကိုတို့အဖို့ အချိန်ဆွဲလိုက်နိုင်တာလို့ဆိုရမှာပါ။ ဒါပေမယ့် ထရန့်ကလည်း သူ့ရဲ့အခွန်တွေကို အလွယ်တကူ သက်တမ်းတိုးဆောင်ရွက်နိုင်ပြီး ဥရောပသမဂ္ဂမှ သွင်းကုန်တွေကိုလည်း အခွန်စည်းကြပ်ဖို့စီစဉ်နေပြီလို့ ဆိုပါတယ်။
ဒါကြောင့်လည်း ကမ္ဘာ့စီးပွားရေးကတေ့ာအကျပ်အတည်း ဒါမှမဟုတ် ကပ်ဘေးဖြစ်လာနိုင်မှုကို တွန်းလှန်နိုင်မလား ဒါမှမဟုတ်ရင်ဖြင့် ရှေ့သီတင်းပတ်တွေထဲမှာပဲ စီးပွားရေးကပ်ကြီးဖြစ်လာမလား မရေမရာအခြေအနေမှာ ရှိနေတယ်လို့ ဆိုရမှာပါ။
Ref- AP
