၄.၂. ၂၀၂၅
Translated by Thettant
ဩစတြေးလျနိုင်ငံ၊ ကွင်းစလန်းပြည်နယ်ရဲ့ မြို့တော် ဘရစ္စဘိန်းမြို့မြောက်ဘက် ကီလိုမီတာ ၅၀ ခန့်အကွာ ကွင်းစလန်းကမ်းရိုးတန်းက ဘရစ်ဘီကျွန်း၊ ဝူရင်းမ်ကမ်းခြေမှာ အသက် ၁၇ နှစ်အရွယ် ဆယ်ကျော်သက် မိန်းကလေးငယ်တစ်ဦး ငါးမန်းတိုက်ခိုက်ခံရလို့ မနေ့က တနင်္လာနေ့မှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။



မနေ့က ညနေစောင်းမှာဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်အတွက် ဒေသစံတော်ချိန် ညနေ ၅ နာရီ မထိုးခင်မှာ အရေးပေါ် ကယ်ဆယ်ရေး ဝန်ဆောင်မှုတွေကို ခေါ်ယူခဲ့သလို ကွင်းစလန်းရဲတပ်ဖွဲ့က ငါးမန်းကိုက်ခံရတဲ့မိန်းကလေးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ ဒဏ်ရာများစွာရရှိခဲ့ပြီး ညနေ ၅ နာရီခန့်အချိန် အခင်းဖြစ်ပွားရာနေရာမှာပဲ သေဆုံးသွားတယ်လို ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Nine Network ရုပ်မြင်သံကြားက အစီရင်ခံတင်ပြမှုအရ Surf Life Saving Queensland Club အဖွဲ့ဝင် Charlize Zmuda ဆိုတဲ့ ၁၂ တန်းကျောင်းသူ မိန်းကလေးငယ်ဟာ ကမ်းစပ်ကနေ မီတာ ၁၀၀ ခန့်အကွာမှာ ရေကူးနေချိန် လက်မောင်းကို ပြင်းထန်စွာ အကိုက်ခံခဲ့ရတာပါ။
လက်ရှိဖြစ်ရပ်နဲ့ ပတ်သက်လို့ ကမ်းခြေမှာအပန်းဖြေသူတွေကို ရေဘေးအန္တရာယ်ကင်းဝေးစေဖို့ ကူညီကယ်ဆယ်ပေးတဲ့ Surf Life Saving Queensland ကတော့ နောက်ထပ်သတိပေးချက်မထုတ်ပြန်မီအထိ ကမ်းခြေကို ဆက်လက်ပိတ်ထားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်တစ်ရပ်နဲ့ ဖော်ပြခဲ့ပါတယ်။


ကမ်းခြေရဲ့အခြေအနေနဲ့ပတ်သက်လို့ ဒေသခံ ခရစ္စတိုဖာပေါ်တာကတော့ ကျွန်းတစ်ဝိုက်မှာ ငါးမန်းအများအပြား ရှိနေတယ်လို့ ABC သတင်းဌာနကို ပြောကြားခဲ့ပေမဲ့ ကမ်းခြေနဲ့ နီးကပ်လွန်းတဲ့ ဒီတိုက်ခိုက်မှုက တုန်လှုပ်စရာဖြစ်ခဲ့သလို အခု မိန်းမငယ်သေဆုံးရမှုဖြစ်ရပ်က ဒီနွေရာသီကာလ ကွင်းစလန်းမှာ တတိယအကြိမ် ငါးမန်းတိုက်ခိုက်မှုပါ။
ပြီးခဲ့တဲ့ ၂၀၂၄ ဒီဇင်ဘာ ၂၈ ရက်ကလည်း ကမ္ဘာ့အကြီးဆုံးသန္တာကျောက်တန်းတွေတည်ရှိရာ Great Barrier Reef တောင်ဘက်ခြမ်းမှာ ရေငုပ်ပြီး မှိန်းနဲ့ ငါးဖမ်းနေတဲ့အသက် ၄၀ အရွယ် အမျိုးသားတစ်ဦး ငါးမန်းကိုက်လို့ သေဆုံးခဲ့ရသလို ဒီဇင်ဘာ ၂ ရက်ကလည်း အလားတူ ငါးဖမ်းနေစဉ် တိုက်ခိုက်ခံရတဲ့ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးကို ဆေးရုံတင်ပို့ခဲ့ရသေးပါတယ်။
Ref, Xinhua & The Australian
