၁၁. ၁. ၂၀၂၃
ချမ်းမြသာစည်မြို့နယ်တွင် ယခုရက်ပိုင်းအတွင်း သုံးရက်ဆက်တိုက် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအဖွဲ့မှ ကျူးကျော်နေအိမ်များ ဖြိုဖျက်ရှင်းလင်းမှုတွင် အိမ်ခြေ ၂၅၀ ကျော်ပါဝင်ကာ လူဦးရေ ၁၄၀၀ ကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
“ဒီနေ့နဲ့ ပြီးခဲ့တဲ့ ၉ ရက်နေ့ကတော့ သံလျက်မော် တောင်ဘက်က ကျူးကျော်တဲ့အိမ်တွေကို ဖျက်နေပြီးတော့ မနေ့ကတော့ ထွန်တုံးရပ်ကွက်က ကျူးကျော်အိမ်တွေကို ဖြိုဖျက်နေတာတွေ့ရတယ်။ အိမ်ခြေတွေအများကြီးပါသွားတာ။ တချို့ဆို အခိုင်အမာဆောက်ထားတဲ့ အိမ် တွေပါပါသွားတယ်” ဟု အဆိုပါမြို့နယ်တွင်နေထိုင်သူတစ်ဦးက MT News ကို ပြောပြသည်။
ယမန်နေ့ ဇန်နဝါရီ ၁၁ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီကျော်သည့်အထိ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ သံလျက်မော်တောင်ရပ်ကွက်၊ အကွက်(465)၊ ကမ်းနားလမ်းဘေးရှိ အစိုးရမြေအတွင်း ဝင်ရောက်ကျူးကျော်ဆောက်လုပ်ထားရှိသည့် လူနေအိမ် ၉၄ လုံး(အခိုင်အမာ ၅၀ လုံး၊ ယာယီ ၄၄ လုံး)၊ အိမ်ထောင်စု – ၉၄စုနှင့် လူဦးရေ ၅၇၀ ဦးတို့အား ရှင်းလင်းခံခဲ့ရကြောင်း သိရသည်။
ထို့အတူ ဇန်နဝါရီ ၁၀ ရက် နံနက်မှ စတင်ကာ ညနေရောက်သည့်အထိ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်၊ ၅၂လမ်းနှင့် ၅၄ လမ်းကြား၊ ၁၀၇ လမ်းပေါ်နှင့် ၁၀၈ လမ်းပေါ်များရှိ လျှပ်စစ်တာဝါတိုင် ဧရိယာအတွင်း ဝင်ရောက်ကျူးကျော်နေထိုင်နေသော အိမ်ခြေ ၁၀၀ ကျော်အား ဖြိုဖျက်ရှင်းလင်းခဲ့ရာ လူ ၅၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။
ထို့ပြင် ဇန်နဝါရီ ၉ ရက်ကလည်း ချမ်းမြသာစည်မြို့နယ်၊ သံလျက်မော်တောင်ရပ်ကွက်၊ အကွက်(465)၊ ကန်တော်ကြီးပတ်လမ်း၊ ဇီဝိတဒါန သံဃာ့ဆေးရုံ၏တောင်ဘက် မန္တလေးမြို့တော်စည်ပင်သာယာပိုင်ဧရိယာအတွင်း ဝင်ရောက်ကျူးကျော် ဆောက်လုပ်ထားရှိသည့် လူနေအိမ် ၅၀ ကျော် ဖြိုဖျက်ခံရကာ လူ ၄၀၀ ခန့်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း သိရသည်။







