ထိုင်းနိုင်ငံသားရွှေဆွဲကြိုးသူခိုးအား မြန်မာရဲတပ်ဖွဲ့ဝင်များ က ဖမ်းမိထားစဉ်
၁၀. ၁. ၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ်အတွင်းရှိ ဆိုင်တစ်ဆိုင်မှ ဘတ် ၁၅၀,၀၀၀ တန် ရွှေဆွဲကြိုး ခိုးယူ၍ မြန်မာနိုင်ငံအတွင်းသို့ ရေကူးထွက်ပြေးလာသော ထိုင်းနိုင်ငံသားသူခိုးတစ်ဦးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၉ ရက်တွင် ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
ရွှေဆွဲကြိုးအား ချင်းရိုင်ပြည်နယ်၊ မယ်ဆိုင်ခရိုင်အတွင်းရှိ စီရိဖန်ရွှေဆိုင်မှ ၂၀၂၂ ခုနှစ် နိုဝင်ဘာ၂၆ ရက်က ခိုးယူခဲ့ခြင်းဖြစ်သည်။ အမျိုးသားတစ်ဦးဖြစ်သူ ရွှေဆွဲကြိုးသူခိုးက ဝယ်ယူမည့်သူဟန်ဆောင်၍ ရွှေဆွဲကြိုးအား ဆတ်ခနဲဆွဲယူကာ ၎င်း၏ဆိုင်ကယ်ဖြင့်ထွက်ပြေးခဲ့ခြင်းဖြစ်သည်။ လုံခြုံရေးကင်မရာတစ်ခုက မြန်မာနိုင်ငံအတွင်းသို့ Ruak မြစ်ကို ရေကူးဖြတ်ကျော်ကာ ၎င်းဝင်ရောက်သွားသည်ကိုမှတ်တမ်းတင်ထားခဲ့သည်။
ထိုင်းရဲတပ်ဖွဲ့က ရွှေဆွဲကြိုးသူခိုးမှာ အသက် ၃၄ နှစ်ရှိ ဆာရီး မာဆာအန် ဆိုသူဖြစ်ကြောင်း၊ ယခင်ကလည်း ရာဇဝတ်မှုများကျူးလွန်ခဲ့ဖူးကြောင်း စုံစမ်းသိရှိခဲ့သည်။ ၎င်းမှာ မူးယစ်ဆေးဝါးတရားမဝင်ရောင်းဝယ်မှု၊ အခြားခိုးမှုများဖြင့် ထိုင်းနိုင်ငံအတွင်းဖမ်းဆီးခံခဲ့ရဖူးသည်။ ရွှေဆွဲကြိုးခိုးယူမှုမဖြစ်မီ ဆာရီးသည် မြန်မာနိုင်ငံရှိအကျဉ်းထောင်တစ်ခုမှ လွတ်မြောက်လာခြင်းလည်းဖြစ်သည်။
ရွှေဆွဲကြိုးခိုးသည့် ဆာရီးအား ရဲတပ်ဖွဲ့က အမှုဖွင့်ထားသောပုဒ်မများအရထောင်ဒဏ် ခြောက်နှစ်နှင့် ဒဏ်ငွေ ဘတ် ၁၂၀,၀၀၀ ကျခံရစေနိုင်ကြောင်း သိရသည်။
Ref-The Thaiger
