တံတားဖွင့်လှစ်မည့်ဖိတ်စာနှင့် ထိုင်းဘက်ခြမ်းမှပြင်ဆင်မှုများတွေ့ရစဥ်

၁၀. ၁. ၂၀၂၃
Written by Nay Aung

ထိုင်းနိုင်ငံ မဲဆောက်နှင့် မြန်မာနိုင်ငံ မြဝတီမြို့အကြား ဆက်သွယ်ထားသော ထိုင်း-မြန်မာ အမှတ်(၁) ချစ်ကြည်ရေးတံတားကို လာမည့်ဇန်နဝါရီ ၁၂ ရက်နေ့တွင် တရားဝင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

မဲဆောက်မြို့ အုပ်ချုပ်ရေးမှူး ဆွန်ချိုင်း ထရိုင်သီချက်ဆာကူလ်သည် ထိုင်းနှင့် မြန်မာနိုင်ငံအကြား ချိတ်ဆက်ထားသောအမှတ် (၁) ချစ်ကြည်ရေးတံတား ဖွင့်ပွဲအခမ်းနားကို တက်ရောက်ရန် သက်ဆိုင်ရာ ဌာနများကို ဖိတ်စာများပေးပို့ထားပြီး တံတားဖွင့်ပွဲ အခမ်းနားကို ဇန်နဝါရီ ၁၂ ရက် နံနက် ၇ နာရီခွဲတွင် ပြုလုပ်သွားမည်ဖြစ်သည်။

တက်ခ်ခရိုင်အုပ်ချုပ်ရေးမှူးသည် ထိုင်းနှင့် မြန်မာနိုင်ငံကြားခရီးသွားလာမှုတိုးမြင့်နိုင်ရန်နှင့် ကုန်စည်ပို့ဆောင်ရေး ပိုမိုကောင်းမွန်စေရန်အတွက် အဆိုပါ ထိုင်း-မြန်မာချစ်ကြည်ရေး တံတားအမှတ် (၁) ပြန်လည်ဖွင့်လှစ်နိုင်ရေး မြန်မာနိုင်ငံ မြဝတီခရိုင် အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့် အစောပိုင်းကတည်းက တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ယင်းတွေ့ဆုံဆွေးနွေးမှုအတွင်း ထိုင်းအာဏာပိုင်များသည် အဆိုပါချစ်ကြည်ရေးတံတားကို ဇန်နဝါရီ ၁ ရက်တွင် ဖွင့်လှစ်ရန် အဆိုပြုခဲ့ပြီး မြဝတီအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ထိုင်းဘက်က အဆိုပြုချက်ကို ဗဟိုအစိုးရထံထပ်မံတင်ပြပေးသွားမည်ဟု ကတိပြုခဲ့ကြောင်း၊ မြန်မာနိုင်ငံဘက်က အဆိုပါတံတားဖွင့်လှစ်မည့်အချိန်ကို ၁၀ ရက် ကြိုတင်အကြောင်းကြားပေးမည်ဟု ဆိုခဲ့ပြီးထိုင်းဘက်ကအဆိုပြုထားသော ရက်တွင်ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိခဲ့ကြောင်းသိရသည်။

မြဝတီမြို့ တာဝန်ရှိသူများသည် ပြီးခဲ့သည့်သီတင်းပတ်အတွင်း ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် (၁) နှင့် တံတားပတ်ဝန်းကျင်တွင် သန့်ရှင်းရေးများ ပြုလုပ်ခဲ့ပြီး တံတားပြန်ဖွင့်ရန်စီစဉ်မှုများရှိခဲ့ကြောင်း သိရသည်။ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် (၁)တံတားကို ၂ နှစ်ကျော်ကြာ ပိတ်ခဲ့ပြီးနောက် ထိုင်းနှင့် မြန်မာအစိုးရတာဝန်ရှိသူများသည် တံတားပြန်လည်ဖွင့်လှစ်ရန်အတွက် ၂၀၂၂ ခုနှစ် မေလအစောပိုင်းတွင် တံတား သန့်ရှင်းရေးများ ပြုလုပ်ခဲ့သော်လည်း မြန်မာနိုင်ငံဘက်ခြမ်းတွင် လက်နက်ကိုင်အဖွဲ့နှင့် မြန်မာ့တပ်မတော်အကြား တိုက်ပွဲများဖြစ်ပွားနေသည့် အခြေအနေများကြောင့် ဖွင့်လှစ်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် (၁)တံတားသည် ထိုင်းနိုင်ငံမဲဆောက်နှင့် မြန်မာနိုင်ငံ မြဝတီမြို့ကို ဆက်သွယ်ထားသော တံတားဖြစ်ပြီး တံတားကိုမပိတ်ခင်က ထိုင်းပြည်သူများနှင့် မြန်မာပြည်သူများကြား အသွားအပြန်အသုံးပြုသည့် အဓိကတံတားဖြစ်ခဲ့ကြောင်း သိရသည်။ ထို့အပြင် အဆိုပါတံတားသည် ထိုင်း နှင့် မြန်မာနိုင်ငံကြား ကုန်စည်များ တင်ပို့မှု၊ တင်သွင်းမှုများအတွက် အဓိက ဆက်သွယ်ရေးတံတားလည်းဖြစ်ခဲ့သည်။

ref mgronline

Leave a Reply

Your email address will not be published. Required fields are marked *