၁၀. ၁. ၂၀၂၃
Written by Nay Moe

စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ် အလုပ်လုပ်ကိုင်နေသော အမျိုးသမီးတစ်ဦး မြန်မာနိုင်ငံသို့ပြန်လာပြီး ရည်းစားဖြစ်သူနှင့် လှိုင်သာယာတည်းခိုခန်းတွင် ချိန်းဆို တွေ့ဆုံစဥ် ဓားဖြင့်ထိုး သတ်ဖြတ်ခံရကာ ပါလာသည့် ရွှေ၊ ငွေနှင့် ဖုန်းများ လုယက်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်မှာ စင်ကာပူနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ မနှင်းဝေလှိုင်(ခ) မလပြည့်သည် မြန်မာနိုင်ငံရှိ မိဘများနှင့် ဆွေမျိုးများကို အသိမပေးဘဲ ဇန်နဝါရီ ၅ ရက်တွင် မြန်မာနိုင်ငံသို့ပြန်လာပြီးနောက် လှိုင်သာယာတွင် နေထိုင်သည့် ပထမအကြိမ်တွေ့ဆုံဖူးသော ရည်းစားဖြစ်သူ ကိုအောင်သူရိန်နှင့်အတူ လှိုင်သာယာ၊ စက်မှုဇုန် (၁) တပင်ရွှေထီးတာဝါအနီးရှိ တည်းခိုခန်းတစ်ခုသို့ လိုက်ပါခဲ့ပြီးနောက် ဇန်နဝါရီ ၆ ရက်တွင် အဆိုပါ အမျိုးသားဖြစ်သူတစ်ဦးတည်းပြန်ထွက်သွားပြီးနောက်ရက်တွင်မှ အဆိုပါအမျိုးသမီးမှာ တည်းခိုခန်းအတွင်း ဓားဒဏ်ရာ ၁၂ ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရခြင်းဖြစ်ပြီး အိမ်အကူလုပ်ကိုင်ပြီး အဆိုပါအမျိုးသားနှင့် လက်ထက်ရန်စုဆောင်းလာသည့် စင်ကာပူဒေါ်လာများ၊ ရွှေများနှင့် ဖုန်းများအားလုံး လုယက်ခံရကာ ပျောက်ရှနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

“ပထမအကြိမ်မှာလည်း အဲဒီကောင်လေးနဲ့ သွားတွေ့ပြီးသား။ စင်ကာပူကို သူပြန်လာပြီး ယူကြမယ်ဆိုပြီး ပိုက်ဆံစုပြီး ဒီနှစ်ကုန်မင်္ဂလာဆောင်ဖို့ ဖိတ်စာပါသူကြိုရိုက်သွားခဲ့တာ။ သူမြန်မာနိုင်ငံပြန်လာတာကို သူ့မိဘလည်း မသိဘူး။ ရန်ကုန်က သူ့အဒေါ်လည်း မသိဘူး။ နောက်ပြီး သေနေတာကိုလည်း တည်းခိုခန်းက မသိဘူး။ CCTV ပြန်ကြည့်တော့မှ ဇန်နဝါရီ ၅ ရက်မှာ အဲဒီကောင်လေးနဲ့ ဝင်လာတယ်။ ဇန်နဝါရီ ၆ ရက်မှာ ကောင်လေးကတစ်ယောက်တည်းပြန်ထွက်သွားပြီး နောက်ရက်ကျမှ ကောင်မလေးက ဓားဒဏ်ရာဗရပွနဲ့သေနေတာကို တွေ့ရတာ။ စင်ကာပူမှာ အိမ်အကူလုပ်ပြီး စုသွားတဲ့ငွေတွေ၊ သူဝယ်ထားတဲ့ရွှေတွေ၊ ဖုန်းတွေ အကုန်လုယက်သွားပေမဲ့ အတိအကျတော့ ဘယ်သူမှမသိဘူး။ သူ့မိဘလည်း ထောက်ပံ့မှုမရှိဘူးလို့ဘဲ သိရတယ်” ဟု အဆိုပါဖြစ်စဥ်ကို သိရှိသူတစ်ဦးကပြောသည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော သူမ၏ ဖိတ်စာအရ ရည်းစားဖြစ်သူ ကိုအောင်သူရိန်မှာ မကွေးတိုင်း၊ စလင်းမြို့နယ်၊ စမ်းကလေးကျေးရွာမှဖြစ်ပြီး သူမသည် ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ကွင်းဝိုင်းကျေးရွာနေသူဖြစ်ကာ စင်ကာပူနိုင်ငံတွင် အိမ်အကူအဖြစ်လုပ်ကိုင်နေသူဖြစ်သည်။ ထို့အတူ သူမသည် NUG နှင့် PDF များကို ကူညီထောက်ပံ့နေသည့် ထောက်ပို့တစ်ဦးလည်းဖြစ်သည်ဟု သိရသည်။

“စလုံး အလုပ်လုပ်ပြီး ၅ ရက်နေ့က မြန်မာပြည်ပြန်သွားတဲ့ ကောင်မလေး။ ၆ ရက်နေ့ကျတော့ လှိုင်သာယာက Hotel ဓားထိုးချက် ၁၂ ချက်နဲ့ သေဆုံးနေခဲ့တယ်။ မိဘ အိမ်မပြန်ဘဲ Online က တွေ့တဲ့ ရည်စား နဲ့ အရင် သွားတွေ့ခဲ့တယ်လို့ဆိုတယ်။ စုဆောင်းပြီး ယူလာတဲ့ ဒေါ်လာတွေ ရွှေ နဲ့ ဖုန်း တွေကို သတ်ပြီး ယူသွားတယ် ဆိုတယ်။ ကြားရတဲ့ သတင်းက စိတ်မကောင်းစရာပါ။ အပင်ပန်းခံ ကြိုးစားလုပ်ပြီး စုဆောင်း ပြန်ကာမှ လုပ်ခဲ့သမျှတွေကော ခန္ဓာကိုယ်ကော ပေးဆပ်သွားလိုက်ရတာပါ။ ဝဠ်ကြွေးရှိရင် ဒီဘဝ ကျေပါစေလို့ စင်ကာပူရောက် မြန်မာနိူင်ငံသားများ group ကိုယ်စား ဆုတောင်းပေးပါတယ်” ဟု Michael Maw အကောင့်ပိုင်ရှင် စင်ကာပူရောက်မြန်မာနိုင်ငံသားများ Group Admin က ဝမ်းနည်းစကားဆိုထားသည်။

ထို့အတူ သူမနှင့်အတူ အလုပ်လုပ်ကိုင်သူ “May Thu Kyaw အကောင့်ပိုင်ရှင်ကလည်း မနှင်းဝေလှိုင် သတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး တရားခံမမိသေးကြောင်း၊ ရည်းစားဖြစ်သူက သတ်ဖြတ်သွားသည်ဟု ယူဆကြောင်း၊ CCTV မှတ်တမ်းတွင် အတူလာနေသူရည်းစားမှာ သူမအားတစ်ဦးတည်းထားပြီးထွက်သွားကြောင်း ရေးသားထားသလို “ဟုတ်ပါတယ် ကျွန်မနဲ့ညီမတွေလိုပေါင်းလာတာပါ။၂၀၁၉ ထဲကပါ။ အခုလည်းမပြန်ဖို့တားခဲ့ပါတယ်။ အချစ်စိတ်မွှန်နေကြတာ ပြောလို့ကိုမရဘူးရယ်။ အရင်တစ်ခေါက်ကလည်း သူကြည့်တဲ့အဖွားက ခွင့်ပေးလို့ ပြန်သွားသေးတယ်။ ၁၂။ ရန်ကုန်မှာသူရည်းစားနဲ့အတူသွားနေခဲ့တယ်။ အခုက ဘာကြောင့်သတ်ရတာလည်းဆိုတာ ကျွန်မကိုယ်တိုင်တောင်နားမလည်တော့ဘူး။ Sunday ကသူသတင်းကြားရတော့ ယုံတောင်မယုံဘူး အခုမှ သူအမျိုးတွေလာပြောလို့”ဟုလည်း မှတ်ချက်ပြုထားသည်။

ထို့အပြင် မမေသူကျော်တင်ထားသည့်ရုပ်သံဖိုင်တစ်ခုတွင် သတ်ဖြတ်ခံရသူ မနှင်းဝေလှိုင် မြန်မာနိုင်ငံမပြန်မီ ဇန်နဝါရီ ၄ ရက်က လေးနှစ်တာစုဆောင်းထားသော လုပ်အားခများကို မူဗီရိုက်ကာ ပြသထားပြီး သူမ၏ မူဗီနှင့်ရေတွက်မှုများအရ စင်ကာပူဒေါ်လာ ၅၀၀၀ နှင့် ၁၂၀၀၀ အကြား မြန်မာနိုင်ငံသို့ ပြန်လည်သယ်ဆောင်သွားခဲ့ကြောင်း သိရပြီး အဆိုပါငွေများအကုန် လုယက်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်နှင့် ပတ်သက်၍ မနှင်းဝေလှိုင်သတ်ဖြတ်ခံရမှုနှင့် ရည်းစားဖြစ်သူမှာ လူမှုကွန်ရက်တွင် စွပ်စွဲနေသကဲ့သို့ သတ်ဖြတ်ခြင်းဟုတ် မဟုတ်အပါအဝင် အသေးစိတ်အချက်အလက်များကို MT News သတင်းဌာနက ဆက်လက်စုံစမ်းနေပြီး ထပ်မံသိရှိရသည်များကို ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော မှတ်ချက်များ

Leave a Reply

Your email address will not be published. Required fields are marked *