၂ဝ-၁၁-၂ဝ၂၄
Written by K Pyay Thein
ကချင်ပြည်နယ်၊ ပူတာအိုဒေသထွက် ကျောက်ဂျပိုး (ကျောက်ကြမ်းပိုး)တွေကို တရုတ်ဘက်က အဝယ်များနေလို့ လက်ရှိဈေးကွက်မှာ ကျောက်ဂျပိုးတစ်ပိဿာကို ကျပ် ၈ သိန်းအထိ ပေါက်ဈေးရှိနေပြီး ဈေးကောင်းရနေတယ်လို့ ပူတာအိုဒေသခံတွေထံကနေ သိရပါတယ်။
ယခုနိုဝင်ဘာလဟာ ကျောက်ဂျပိုးရှာဖွေလေ့ရှိတဲ့ရာသီဖြစ်ပြီး ဈေးကောင်းရနေသော်လည်း နေရာအကန့်အသတ်နဲ့ရှာရတာဖြစ်လို့ ကျောက်ဂျပိုးတွေကို ယခင်လို ပေါပေါများများရှာဖွေလို့ မရတော့ဘူးလို့လည်း ဒေသခံတွေက ဆိုပါတယ်။


“အခုက ကျောက်ဂျပိုးရှာရတဲ့ရာသီပေါ့။ သူက နိုဝင်ဘာလဆန်းလောက်ဆိုရင် စပြီးရှာလို့ရပြီ။ အဓိကရှာရတာက ဒီတစ်လပါပဲ။ ဒီလမှာက ရှာရလွယ်တယ်ပေါ့။ မလိခမြစ်ဘေးတောက်လျှောက်က ကျောက်တုံးကြီးတွေမှာ ကျောက်ဂျပိုးကိုလိုက်ရှာရတာပေါ့။ မချမ်းဘော့ဘက်တွေမှာလည်း ရှာကြတယ်။ ဒါပေမဲ့ အခုက ကျောက်ဂျပိုးရှာတဲ့သူတွေက တအားများတော့ ကျောက်ဂျပိုးက ထင်သလောက်ရှာလို့ မရတော့ဘူး။ ရှာလို့ရတဲ့နေရာလည်း နည်းလာတယ်။ ဒီနှစ်ဆိုရှာသာရှာနေကြရတာ ကျောက်ဂျပိုးအရနည်းတယ်လို့ ပြောကြတယ်။ ကျွန်တော်သိရသလောက် အခုပေါက်ဈေးက ကျောက်ဂျပိုးနို့ဆီဘူးတစ်ဘူးကို ကျပ် ၆ သောင်းလောက်ပေါက်တယ်။ တစ်ပိဿာကို သူက မြန်မာငွေ (၈)သိန်းလောက်ရတယ် ပြောပါတယ်”လို့ ပူတာအိုဒေသခံတစ်ဦးက MT News ကို ပြောပါတယ်။
ဈေးကွက်မှာတော့ ကျောက်ဂျပိုးအသေးမျိုးနဲ့ အကြီးမျိုးဆိုပြီး နှစ်မျိုးရှိကာ အသေးမျိုးက ဈေးပိုရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပူတာအိုဒေသထွက်ကျောက်ဂျပိုးကောင်တွေကို တရုတ်လူမျိုးတွေက ဆေးဖော်စပ်ဖို့နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေပြုလုပ်ရာမှာ အသုံးများတယ်လို့ ဆိုပါတယ်။
“ကျောက်ဂျပိုးက တရုတ်ဘက်က ဝယ်တာများတယ်။ ဒီမှာကအဝယ်ဒိုင်တွေလည်းရှိသလို တရုတ်ဘက်က အဝယ်ကိုယ်စားလှယ်တွေ ကိုယ်တိုင်ဆင်းပြီး လာဝယ်ကြတာလည်းရှိတယ်။ ကလေး၊ လူကြီးမရွေး ကျောက်ဂျပိုးရှာကြတာပါပဲ။ဒေသခံတော်တော်များများက ဒီရာသီဆို ကျောက်ဂျပိုးရှာကြပါပြီ”လို့ သူက ဆက်ပြီး ပြောပြပါတယ်။
ပူတာအိုဒေသထွက်ကျောက်ဂျပိုးတွေကို ဒေသခံတွေက ယခုနိုဝင်ဘာလဆန်းပိုင်းမှ စတင်လို့ ဒီဇင်ဘာကလအထိ ရှာဖွေရောင်းချကြတာဖြစ်တယ်လို့ သိရပါတယ်။
ပူတာအိုဒေသခံတွေက ဒေသထွက်ကျောက်ဂျပိုးနဲ့ ရေခဲတောင်ထွက် ရှီးပဒီးအကောင်တွေကို နှစ်စဉ်နှစ်တိုင်းရှာဖွေကြပြီး ဈေးကွက်ကိုတင်ပို့ရောင်းချနေကြတာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ကျောက်ဂျပိုးကောင်တွေကို မလိခမြစ်ကြောတစ်လျှောက်မှာရှာလို့ရပေမယ့်၊ ရှီးပဒီးအကောင်တွေကိုတော့ ရေခဲတောင်တန်းတွေရဲ့ချောက်ကမ်းပါးတွေကြားမှာ ခက်ခက်ခဲခဲသက်စွန့်ဆံဖျားရှာဖွေရတယ်လို့လည်း သိရပါတယ်။
ပုံစာ – ပူတာအိုဒေသထွက် ဆေးဘက်ဝင်ကျောက်ဂျပိုးတွေကို တွေ့ရစဉ် (Photo – CJ)
