ဘင်္ဂလားဒေ့ရှ်သို့ ဆန်တင်ပို့ရန် ပြင်ဆင်နေမှု တွေ့ရစဥ်

၄. ၁. ၂၀၂၃
Written by Ye Kyaw

ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၂၂၈,၄၄၅ တင်ပိုမှုမှ နိုင်ငံခြားဝင်ငွေ ဒေါ်လာသန်း ၉၀ ရရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်သို ဆန်အများဆုံးနှင့် တရုတ်နိုင်ငံသို့ ဆန်ကွဲအများဆုံးတင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

အဆိုပါကာလအတွင်း ဆန်တင်ပို့မှုတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၅၄,၅၅၀ တန်အထိ အများဆုံးတင်ပို့ထားပြီး တရုတ်နိုင်ငံသို့ ဆန်တန်ချိန် ၃၉,၉၉၃ တန်ဖြင့် ဒုတိယအများဆုံး တင်ပို့ထားခြင်းဖြစ်သည်။ ၎င်းနိုင်ငံများနောက်တွင် ဖိလစ်ပိုင်နိုင်ငံ၊ ပိုလန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံများသို့ အစဥ်လိုက် အများဆုံးတင်ပို့ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ထုတ်ပြန်ချက်များအရ ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် နှစ်သိန်းတင်ပို့မည့်အနက် လက်ရှိအချိန်တွင် တန်ချိန် ၁၆၀,၀၀၀ ကျော် တင်ပို့ပြီးဖြစ်ကြောင်း သိရသည်။

“ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆန်တန်ချိန် နှစ်သိန်းတင်ပို့မယ့်အနက် တန်ချိန် ၁၆၀,၀၀၀ ကျော် တင်ပို့ပြီးပြီ။ တင်ပို့ဖို့ကျန်ရှိနေတဲ့ ဆန်တွေကို သတ်မှတ်ကာလအတွင်း ပြည့်မီအောင် တင်ပို့နိုင်ရေးနဲ့ ဆန်ပို့ကုန် တိုးမြှင့်တင်ပို့နိုင်ဖို့ ဆောင်ရွက်သွားမယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

ဆန်ကွဲတင်ပို့မှုတွင် တရုတ်နိုင်ငံသို့ တန်ချိန် ၄၀,၄၆၂ တန်ဖြင့် အများဆုံးတင်ပို့ထားပြီး ဘယ်လ်ဂျီယံနိုင်ငံသို့ တန်ချိန် ၃၂,၇၅၀ တန်ဖြင့် ဒုတိယအများဆုံးတင်ပို့ထားသည်။ ၎င်းနိုင်ငံများနောက်တွင် UK၊ စပိန်၊ ပိုလန်နိုင်ငံများသို့ အစဥ်လိုက်အများဆုံး တင်ပို့ထားခြင်းဖြစ်သည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကိုးလတွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၁ ဒသမ ၆ သန်းတင်ပိုမှုမှ ဝင်ငွေဒေါ်လာသန်း ၆၀၀ ရရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News