၂-၁- ၂၀၂၂
Written By Thandar

လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ထင်ကြေးပေး ပြောဆိုနေကြသလိုမျိုးမဟုတ်ဘဲ သရုပ်ဆောင် နော်ဖောအယ်ထားနဲ့ ဆက်ဆံရေးဟာ အနုပညာအလုပ်လုပ်ဖော်ကိုင်ဘက် မိတ်ဆွေအနေအထားသာဖြစ်တယ်လို့ အဆိုတော် လွှမ်းပိုင်က ပြန်လည်ဖြေရှင်းထားပါတယ်။

“ထင်ရာစွဲပြော စွပ်စွဲနေတာတွေ ရပ်တန့်ဖို့ပြောချင်ပါတယ် ခင်ဗျာ။ ဒါဟာကျွန်တော်တို့ နှစ်ယောက်အတွက်လည်း မကောင်းသလို တဖက်သူအတွက်လည်း တော်တော်ကို ထိခိုက်ရတဲ့ကိစ္စမျိုးပါ။ သူနဲ့ကျွန်တော်နဲ့ ပတ်သက်မှုဟာ ရိုက်ကူးရေး လုပ်ဖော်ကိုင်ဘက် မိတ်ဆွေဆိုတာထက်မပိုတာ ရိုက်ကူးရေးမှာရှိတဲ့သူတွေ အကုန်သိပါတယ်။ ဒါကိုလက်ရှိ ကျွန်တော်နဲ့ ထက်တို့ကြားမှာပြဿနာလေးတွေ ရှိနေလို့ အတူတူတွဲသိပ်မမြင်ရချိန်မှာ သူနဲ့ တွဲပြီး ရိုက်ကူးရေးတွေ လုပ်တာများတာကြောင့် အခုလိုကိစ္စဖြစ်လာချိန်မှာ ဒါတွေဟာသူ့ကြောင့်ဆိုပြီး ပြောဆိုနေကြတာတွေဟာ တော်တော်လေးကို မှားယွင်းနေပါတယ်။ ကျွန်တော်ဟာ ရုပ်ရှင်ဘက်ကလာတာ မဟုတ်တဲ့အတွက် မင်းသမီးအများကြီးနဲ့ တွဲရိုက်လေ့မရှိတာ အားလုံးသိပါတယ်။ ကျွန်တော်ရိုက်ခဲ့တဲ့ဇာတ်ကားတွေမှာ ရိုက်နေကြလူတွေနဲ့ပဲ ပြန်ပြန်ရိုက်တတ်တဲ့သူပါ။ ဒါကိုထွက်ခဲ့တဲ့ ဗီဒီယို၊ ရုပ်ရှင်တွေကြည့်ရင်သိပါတယ်။ အခုလည်း ထိုနည်းအတူပါပဲ။ နော်ဖောနဲ့အလုပ်တွဲပိုများတယ်ဆိုတာ အလုပ်လုပ်တာ အချိန်တိကျတယ်။ အလုပ်အပေါ် လေးစားမှုရှိတယ်ဆိုတာ သူနဲ့အလုပ်လုပ်ဖူးတဲ့ သူတိုင်းသိကြပါတယ်။ အဲ့ဒါကြောင့်လည်း သူနဲ့အတူတူ အလုပ်တွေ ဆက်လုပ်ဖြစ်နေတာလည်း ပါပါတယ်။ တခြားဘာရည်ရွယ်ချက်မှ မရှိပါဘူးဆိုတာ သေချာပါတယ်ဗျာ။ ဒါကို တချို့သူတွေက မဟုတ်တာအပိုတွေပြောပြီး တစ်ဖက်သားအပေါ် Social Media ပေါင်းစုံကနေ စွပ်စွဲတိုက်ခိုက်နေတာ မြင်ရတော့ တော်တော်စိတ်မကောင်း ဖြစ်ရပါတယ်။ အားလုံး စိတ်အနှောင့်အယှက်ဖြစ်ရသွားတာတွေအတွက် တောင်းပန်ပါတယ်။ အချိန်က စကားပြောပါလိမ့်မယ်ခင်ဗျာ။ အမှန်တိုင်းပြောရရင် မပြောချင်ပါဘူး။ ပြောစရာလည်း မလိုပါဘူး။ ကျွန်တော်နဲ့ထက်တို့ Personal ကိစ္စပါ။ လူတွေက ဒါကို ပေါ့ပေါ့လေးတွေးပြီး ကျွန်နော်တို့ကို ချစ်လို့ ဝိုင်းပြီး အမျိုးမျိုးတွေ ထင်ရာတွေနဲ့ လျှောက်ပြောတိုက်ခိုက်နေကြတာ အရမ်းမှားနေလို့ ရှင်းပြရတာပါ။ ဒါပထမဆုံးနဲ့ နောက်ဆုံးပါပဲခင်ဗျာ” လို့ အဆိုတော် လွှမ်းပိုင်က ပြန်လည်ဖြေရှင်းထားပါတယ်။

ချစ်သူသက်တမ်း ၁၃ နှစ်ကြာ လက်တွဲခဲ့ပြီး ဂီတလောကမှာ အောင်မြင်ကျော်ကြားတဲ့ အဆိုတော် စုံတွဲအနုပညာရှင်နှစ်ဦးဖြစ်ကြတဲ့ အဆိုတော် လွှမ်းပိုင်နဲ့ Bobby Soxer တို့ သမီးရည်းစားအဖြစ်က လမ်းခွဲပြတ်စဲလိုက်ပြီဖြစ်ကြောင်း ဒီဇင်ဘာ ၃၀ ရက်က ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

အဆိုတော် လွှမ်းပိုင်နဲ့ Bobby Soxer လမ်းခွဲပြတ်စဲကြောင်း အတိအလင်း ကြေညာခဲ့ပြီးနောက် လူမှုကွန် ရက်စာမျက်နှာမှာ သရုပ်ဆောင် နော်ဖောအယ်ထားနဲ့ လွှမ်းပိုင်နဲ့ ကောလာဟလ ထွက်ပေါ် လာခဲ့ပါတယ်။


သရုပ်ဆောင် နော်ဖောအယ်ထားနဲ့ လွှမ်းပိုင်တို့ဟာ “ရင်ထဲကဒဏ္ဍာရီ” အမည်ရှိ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားကြပြီး မကြာမီကာလအတွင်းမှာလည်း သူတို့နှစ်ဦး သရုပ်ဆောင်ထားကြတဲ့ “ဒယ်လီ တက္ကစီ အချစ်” အမည်ရှိ ဇာတ်ကားကို ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *