၂. ၁. ၂၀၂၃
Translated by Htwe Ko Tun

ထိုင်းလေတပ်က အမေရိကန်ထံမှ F-35 A ကိုယ်ပျောက်တိုက်လေယာဉ်များ ဝယ်ယူနိုင်ရန် ကြိုးပမ်းနေပြီး အမေရိကန်အစိုးရက ထိုင်းဘုရင့်တပ်မတော်အတွက် F-35 A ကိုယ်ပျောက်တိုက်လေယာဉ်များ ရောင်းချရန်အတွက် အတည်ပြု မပြု ဆိုသည်ကို ၂၀၂၃ ခုနှစ် နှစ်လယ်ခန့်တွင် သိရှိမည်ဟု ယုံကြည်ကြောင်း ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (လေ)က ပြောကြားခဲ့သည်။

ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်(လေ) အလောင်ကွန် ဝါနာရော့က အဆိုပါလေယာဉ်များဝယ်ယူရေးအတွက် ကြိုတင်ပြင်ဆင်မှုကို ညှိနှိင်းနေဆဲဖြစ်ကြောင်း၊ သို့သော် အမေရိကန်အစိုးရအနေဖြင့် အတည်ပြုပေးရန်လည်းရှိကြောင်း၊ အမေရိကန်က F-35 A တိုက်လေယာဉ်များ စခန်းချမည့်နေရာများကို လောလောဆယ်စစ်ဆေးနေကြောင်း ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် အလောင်ကွန်က စီမံထားသည့်အတိုင်း အဆင်ပြေလျှင် F-35 A ကိုယ်ပျောက်တိုက်လေယာဉ်များ အမေရိကန်က ထိုင်းနိုင်ငံသို့ ရောင်းချမှု ပြုမပြု ၂၀၂၃ ခုနှစ် နှစ်လယ်ခန့်တွင် ရှင်းရှင်းလင်းလင်း သိရမည်ဟုလည်း ပြောခဲ့သည်။

Lockheed Martin ကုမ္ပဏီကထုတ်လုပ်သော F-35 တိုက်လေယာဉ်များအနက် F-35 A မျိုးကွဲက အင်ဂျင်တစ်လုံးသာပါရှိပြီး လေယာဉ်မှူးတစ်ဦးတည်းမောင်းနှင်ရကာ F-35 မျိုးကွဲများအနက် အသေးငယ်ဆုံးနှင့် အပေါ့ပါးဆုံး မျိုးကွဲဖြစ်သည်။ အမေရိကန်အစိုးရက F-35 ကိုယ်ပျောက်တိုက်လေယာဉ်ကို ၎င်း၏ အရင်းနှီးဆုံး မဟာမိတ်များသို့သာ ရောင်းချရန်အတည်ပြုခဲ့ပြီး အာရှ-ပစိဖိတ်ဒေသတွင် သြစတြေးလျ၊ ဂျပန်၊ စင်ကာပူနှင့်တောင်ကိုရီးယားလေတပ်များက F-35 လေယာဉ်များရရှိပြီးဖြစ်သည်။

ထိုင်းဘုရင့်လေတပ်မတော်အနေဖြင့် မကြာမီအသုံးပြုမှုမှပယ်ဖျက်ရန် ရည်မှန်းထားသော သက်တမ်းရင့်နေပြီဖြစ်သည့် F-16 တိုက်လေယာဉ်များနေရာတွင် အစားထိုးရန် F-35 A ကိုယ်ပျောက်တိုက်လေယာဉ်များ ဝယ်ယူလိုကြောင်း ထိုင်းအစိုးရက အမေရိကန်အစိုးရသို့ ဒီဇင်ဘာလအတွင်းတွင် အကြောင်းကြားခဲ့ကြောင်းလည်း အလောင်ကွန်က ပြောခဲ့သည်။

Ref-The Thaiger

Leave a Reply

Your email address will not be published. Required fields are marked *