CMP စနစ်ဖြင့် လုပ်ကိုင်ရန် ခွင့်ပြုထားသည့် အထည်ချုပ်လုပ်ငန်းခွင်သို့ DICA စစ်ဆေးစဥ်(Photo-DICA)

၂. ၁. ၂၀၂၃
Written by Ye Kyaw

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုသည့် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ထပ်မံကျဆင်းခဲ့ပြီး လာမည့်တစ်နှစ်အတွင်း ထုတ်လုပ်မှုများ တိုးတက်လာနိုင်ရန် မျှော်လင့်ချက်မရှိသေးကြောင်း ဇန်နဝါရီ ၂ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။

“နောက်ဆုံး PMI ဒေတာက မြန်မာနိုင်ငံရဲ့ ထုတ်လုပ်မှုကဏ္ဍတစ်ဝန်းမှာ ထပ်ပြီးကျဆင်းလာမှုကို ဖော်ပြနေပါတယ်။ ဝယ်လိုအားနဲ့ ကုန်ကြမ်းပစ္စည်းဆိုင်ရာ အားပျော့မှုများက စွမ်းဆောင်နိုင်စွမ်းအပေါ် ကြီးမားစွာဖိစီးနေတယ်။ လုပ်ကိုင်မှုအခြေအနေများက ၁၅ လအတွင်းမှာ အမြန်ဆုံးနှုန်းဖြင့် ဆုတ်ယုတ်လာခဲ့တယ်” ဟု S&P Global Market Intelligence မှ စီးပွားရေးပညာရှင် Maryam Baluch က ပြောသည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုအညွှန်းကိန်း PMI အညွှန်းကိန်းမှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာတွင် ၄၄ ဒသမ ၆ ရှိခဲ့ရာမှ ဒီဇင်ဘာတွင် ၄၂ ဒသမ ၁ သို့ ကျဆင်းသွားခဲ့သည်။ ထုတ်လုပ်မှုကဏ္ဍ၏ အခြေအနေမှာ ၂၈ လမြောက် ဆက်တိုက် ဆုတ်ယုတ်လာခဲ့ခြင်းဖြစ်သည်။ ကျဆင်းမှုအရှိန်မှာ သုံးလအတွင်း အမြန်ဆုံးဖြစ်လာကြောင်း ဖော်ပြထားသည်။

PMI အညွှန်းကိန်းအမှတ်များသည် သုည နှင့် ၁၀၀ အထိရှိနိုင်ပြီး အညွှန်းကိန်းအမှတ် ၅၀ အထက်တွင်ရှိနေပါက တိုးတက်မှုကိုပြကာ အညွှန်းအမှတ် ၅၀ အောက်တွင်ရှိပါက ယေဘုယျအားဖြင့် ကျဆင်းမှုကို ညွှန်ပြနေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံအတွင်း ထုတ်လုပ်မှုကဏ္ဍတွင် လုပ်ငန်းဆိုင်ရာ ယုံကြည်မှုမှာ နိုဝင်ဘာလနှင့် နှိင်းယှဥ်ပါက အနည်းငယ်မျှတိုးတက်ခဲ့သော်လည်း အားနည်းလျက်ရှိနေသေးသည်။ ထို့ပြင် စစ်တမ်းတွင် ပါဝင်ဖြေဆိုသူများ၏ ၉၈ ရာခိုင်နှုန်းသည် လာမည့်တစ်နှစ်အတွင်း ထုတ်လုပ်မှု ပြောင်းလဲလာမည်မဟုတ်‌ကြောင်း ခန့်မှန်းထားပြီး နှစ်ရာခိုင်နှုန်းကသာ တိုးတက်လာနိုင်မည်ဟု မျှော်လင့်ချက်ရှိကြောင်း စစ်တမ်းဖော်ပြထားသည်။

“ထုတ်လုပ်ရေး ကုမ္ပဏီများဟာ လည်ပတ်ရေးလိုအပ်ချက်များ ကျဆင်းလာတာနဲ့အမျှ ဝန်ထမ်းဦးရေကို ဆက်လက်ဖြတ်တောက်လာခဲ့ပါတယ်။ လာမယ့် ၁၂ လအတွက် ရည်မှန်းချက်များနဲ့ ပတ်သက်ပြီးပြောရပါက လုပ်ငန်းများရဲ့ ယုံကြည်မှုမှာ များစွာအားနည်းနေခဲ့ပြီး သမိုင်းစဥ်ဒေတာနဲ့ ဆက်စပ်ကြည့်ရင် အားပျော့လာခဲ့ပါတယ်” ဟု Maryam Baluch က ဆိုသည်။

S&P Global မြန်မာထုတ်လုပ်မှု PMI ကို ထုတ်လုပ်သူ ၄၀၀ ခန့်ပါဝင်သည့် အဖွဲ့တစ်ခုမှ ထည့်ကုန်ဝယ်ယူရေး မန်နေဂျာများထံ ပေးပို့ခဲ့သည့် မေးခွန်းလွှာများအတွက် ရရှိသည့် ဖြေကြားချက်များကို အခြေခံပြီး တွက်ချက်ခြင်းဖြစ်သည်။ PMI အညွှန်းမှာ အော်ဒါအသစ်များ (ရာခိုင်နှုန်း ၃၀)၊ ထုတ်လုပ်မှု (၂၅ ရာခိုင်နှုန်း)၊ အလုပ်နေရာ (ရာခိုင်နှုန်း ၂၀)၊ ပစ္စည်းပေးသွင်းသူတို့၏ ပေးသွင်းမှုကြာမြင့်ချိန် (၁၅ ရာခိုင်နှုန်း)နှင့် သိုလှောင်ထားသည့် ထည့်ကုန်များ (၁၀ ရာခိုင်နှုန်း) စသည့်အညွှန်းကိန်း ငါးခုတို့၏ ချိန်ဆတွက်ချက်ထားသည့် ပျမ်းမျှအညွှန်းကိန်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News