MT News

၃၀. ၁၂. ၂၀၂၂

ဘရာဇီးလ်နိုင်ငံသား ကမ္ဘာကျော်ဂန္တဝင်ဘောလုံးသမားကြီး ပီလီ Pelé အူမကြီးကင်ဆာဝေဒနာကြောင့် ဆော်ပေါ်လိုမြို့ရှိ ဆေးရုံ၌ တက်ရောက်ကုသနေရာမှ ဒီဇင်ဘာ ၂၉ ရက်တွင် ကွယ်လွန်ခဲ့ပြီဖြစ်သည်။

ကွယ်လွန်ချိန်တွင် အသက် ၈၂ ရှိနေပြီဖြစ်သည့် ပီလီသည် ဆင်းရဲနွမ်းပါးသည့်ဘဝမှ ကမ္ဘာ့ဖလားသုံးကြိမ်ရသည့်အထိ ထွန်းတောက်ခဲ့ပြီး ရာစုနှစ်၏ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရသူဖြစ်ကာ ကမ္ဘာ့ဖလားကို ၃ ကြိမ်ရဖူးခဲ့သည့် တဦးတည်းသော သက်ရှိဂန္တဝင်အဖြစ်မှ ကမ္ဘာမြေကို စွန့်ခွာခဲ့ခြင်းလည်း ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ဘောလုံးလောကဂန္တဝင်တစ်ဦးဖြစ်ခဲ့သူ အာဂျင်တီးနားကစားသမား ဒီယေဂို မာရာဒိုနာကွယ်လွန်စဥ်က “တစ်နေ့ကျရင် ငါတို့ ကောင်းကင်ဘုံမှာ ဘောလုံးအတူကန်နိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ဝမ်းနည်းစကားဆိုခဲ့သော ပီလီသည် အူမကြီးကင်ဆာဝေဒနါ

ကြောင့် ဆော်ပေါ်လိုမြို့ရှိ အဲလ်ဘတ်အိုင်းစတိုင်းဆေးရုံ၌ နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၂၉ ရက်အထိ တစ်လကုသခဲ့ရာမှ ကွယ်လွန်ခဲ့သည်။ ကုသမှုရက်အနည်းငယ်အတွင်း ကျောက်ကပ်နှင့် နှလုံးအလုပ်မလုပ်တော့သည့်အပြင် ပို၍ဆိုးရွားလာသော ကင်ဆာဝေဒနါကိုပါ ခံစားခဲ့ရကာ အထူးကြပ်မတ်ကုသမှုများ ခံယူခဲ့ရပြီး ဒီဇင်ဘာ ၄ ရက်တွင် ကွယ်လွန်သည်ဟု သတင်းမှားထွက်ခဲ့သော်ငြား ဒီဇင်ဘာ ၂၉ ရက်တွင်မူ ကမ္ဘာမြေမှ အမှန်တကယ် နှုတ်ထွက်ခဲ့ခြင်းလည်းဖြစ်သည်။

ပီလီ၏ ကွယ်လွန်မှုအတွက် ၂၀၂၂ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီး GOAT (The Greatest of All Time) အဖြစ် အသိအမှတ်ပြုခံရသူ မက်ဆီကလည်း ပီလီနှင့် နှစ်ယောက်တွဲပုံတင်ကာ ဝမ်းနည်းစွာဂုဏ်ပြုခဲ့သလို အမေရိကန်သမ္မတဟောင်း အိုဘားမား၊ ပြင်သစ်သမ္မတမက်ခရွန်၊ အမ်ဘာပေ၊ မက်ဆီ၊ ဘန်ဇီမာ စသည့် ကမ္ဘာကျော်ဘောလုံးသမားများ မန်ယူအသင်းအပါအဝင် ဘောလုံးအသင်းများကလည်း ဝမ်းနည်းစကားဆိုခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *