၂၉. ၁၂. ၂၀၂၂
Written by Min Mahar

မန္တလေးမြို့ရှိ နာမည်ကြီးဆေးရုံများအပါအဝင် ဆေးရုံ ၅ ရုံကို ယခုဒီဇင်ဘာလကုန်မှစတင်ပြီး ယာယီပိတ်သိမ်းပေးရမည်ဖြစ်ကြောင်း မြို့ခံသတင်းရင်းများထံမှ သိရသည်။

အဆိုပါ ပိတ်သိမ်းခံရမည့်ဆေးရုံများတွင် နာမည်ကြီးဆေးရုံများဖြစ်သည့် မြို့တော်ဆေးရုံနှင့် နန်းတော်ဆေးရုံများအပါအဝင် ကံ့ကော်ဆေးရုံ၊ ထက်နေလင်းဆေးရုံ၊ စိန်ပန်းဆေးရုံစသည့် ဆေးရုံများပါ ယာယီပိတ်သိမ်းခံရကြောင်း MT News သတင်းဌာနမှ လိုက်လံစုံစမ်းချက်အရ သိရသည်။

အမည်မဖော်လိုသူဆရာဝန်တစ်ဦးပြောပြချက်အရ” ယာယီပိတ်သိမ်းပေးရမယ်လို့တော့ သက်ဆိုင်ရာက စာနဲ့ရော နှုတ်နဲ့ပါ ညွှန်ကြားလာပါတယ်။ ဘာကြောင့် အပိတ်ခံရတယ်ဆိုတာတော့ ဆေးရုံကအထက်လူကြီးတွေက တိတိကျကျမပြောပြကြဘူး။ နောက်နှစ်လေးလပိုင်းအထိတော့ ယာယီပိတ်ထားရမယ်လို့ပြောသံကြားတာပဲ” ဟု ဆိုသည်။

၎င်းဆေးရုံများထဲမှ ထက်နေလင်းဆေးရုံသည် ဖွင့်လှစ်မှုမကြာသေးသလို လုပ်ငန်းလိုင်စင် စတင်ကျစသာရှိသေးသည်ဟုလည်း သိရသည်။ ထို့ပြင် မြို့တော်ဆေးရုံနှင့် နန်းတော်ဆေးရုံများသည် မန္တလေးမြို့ပေါ်တွင် နာမည်အကြီးဆုံးဆေးရုံများဖြစ်သလို လာရောက်ကုသသည့် လူနာများလည်း ရာချီရှိကြောင်းလည်း သိရသည်။

” အခုလိုပိတ်သိမ်းလိုက်တော့ ဆရာဝန်တွေက ခံသာသေးတယ်။ ဂုဏ်သိက္ခာအရတော့ အနည်းငယ်ကျဆင်းတာပေါ့။ ဆေးရုံကိုမှီခိုနေကြတဲ့ သန့်ရှင်းရေးလိုဝန်ထမ်းတွေ၊ လုံခြုံရေးလိုဝန်ထမ်းစတဲ့ အခြားအောက်ခြေဝန်ထမ်းတွေအတွက်တော့ ထမင်းအိုးရိုက်ခွဲခံလိုက်ရသလို ခံစားရတာပါပဲ။ ဘာကြောင့်ပိတ်သိမ်းတယ် မသိရပေမဲ့ အိမ်မှာကမိသားစုများတော့ တော်တော်ဒုက္ခရောက်တော့တာပဲ။ အခြားအလုပ်ရှာမယ်ဆိုလည်း အခုကာလအတွင်းက မလွယ်ကူဘူးလေ။ ဆေးရုံကတာဝန်ရှိသူတွေကတော့ ပြောပါတယ်။ ပြန်ဖွင့်ရင် အခုလူတွေအကုန်ပြန်ခေါ်ပါမယ်တဲ့။ ဒါပေ့မဲ့ဗျာ ဒီကြား ဘယ်လိုရပ်တည်ရမလဲစဉ်းစားရင်း ရင်မောမိတယ်” ဟု ပိတ်သိမ်းခံရမည့်ဆေးရုံများထဲမှ ဆေးရုံတစ်ရုံ၏ လုံခြုံရေးဝန်ထမ်းတစ်ဦးက MT News သတင်းဌာန၏ လိုက်လံမေးမြန်းချက်ကို ယခုကဲ့သို့ ပြောသည်။

လက်ရှိတွင် ၎င်းဆေးရုံများ၌ တက်ရောက်နေသော လူနာများအားလုံးနီးပါး နီးစပ်ရာဆေးရုံများသို့ ပြောင်းရွေ့ဆေးကုသမှုခံယူနေကြသလို သက်ဆိုင်ရာဆရာဝန်များမှ ၎င်းတို့လူနာများကို ရင်းနှီးရာရင်းနှီးကြောင်း ဆေးရုံများထံ လွှဲပြောင်းပေးထားကြောင်း သိရသည်။

ထို့ကြောင့် မေတ္တာမွန်ဆေးရုံ၊ မန္တလာဆေးရုံ ၊ မင်္ဂလာဆေးရုံ စသည့်ပုဂ္ဂလိကဆေးရုံများတွင် လူနာများပြည့်သွားပြီးဖြစ်သောကြောင့် လူနာသစ်များကို လက်မခံကြသေးကြောင်း သိရသည်။ အချို့ဆိုမူ အစိုးရဆေးရုံများဖြစ်သည့် မန္တလေးဆေးရုံကြီးအပါအဝင် အခြားကုတင် ၃၀၀ ဆေးရုံများပါ ပြောင်းရွေ့တက်ရောက်နေကြောင်းလည်း စုံစမ်းရရှိသည်။

“CDM ဝန်ထမ်းတွေကို အလုပ်ခန့်တယ်လို့လည်းကြားသလို PDF ကလူတွေကို ကုသပေးတယ်လို့ကြားတာပဲ။ ပြီးခဲ့တဲ့အပတ်က CDM လုပ်ထားတဲ့ ပါမောက္ခအထူးကုဆရာဝန်ကြီးတစ်ဦး ဖမ်းဆီးခံရပြီးတော့ အခုလိုယာယီပိတ်သိမ်းရမယ်ဆိုတဲ့ သတင်းတွေထွက်လာပြီး အချို့ဆေးရုံတွေမှာဆို ဒီဇင်ဘာ ၂၇ ၊ ၂၈ ရက်နေ့ထဲက လူနာတွေ အကုန်ပြောင်းကုန်ကြတာ။ မြို့တော်နဲ့ နန်းတော်ဆေးရုံမှာပဲ အရေးကြီးလူနာ တစ်ယောက်စ နှစ်ယောက်စတွေပဲရှိတော့တယ်” ဟု ပိတ်သိမ်းခံရသည့်ဆေးရုံတွင်တက်ရောက်ဆေးကုသခဲ့သော လူနာရှင်တစ်ဦးမှ ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *