စက်မှုဇုန်များရှိ MSME လုပ်ငန်းများ ပြပွဲပြုလုပ်စဥ်

၂၉. ၁၂. ၂၀၂၂
Written by Ye Kyaw

ပြည်တွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများအတွက် ထောက်ပံ့ငွေ ကျပ်ဘီလျံ ၁၇၀ အထိ ခွင့်ပြုချက်ရရှိခဲ့ပြီး အတိုးနှုန်းသက်သာသည့် ချေးငွေထုတ်ချေးရန်နှင့် MSME ပြပွဲများအတွက် ဦးစားပေးသုံးစွဲသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂၈ ရက်တွင် ပြုလုပ်သည့် MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုအဖွဲ့၏ အစည်းအဝေးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့အနေဖြင့် MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေနှင့်အညီ ရန်ပုံငွေတစ်ရပ် တည်ထောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ MSME ဖွံ့ဖြိုးရေးရန်ပုံငွေကို ဥပဒေနှင့်အညီ နိုင်ငံတော်၏ ထောက်ပံ့ငွေ၊ ပြည်တွင်းပြည်ပ ငွေကြေးအဖွဲ့အစည်းများမှ အကူအညီရရှိငွေ၊ အလှူရှင်များက လှူဒါန်းငွေ၊ မိမိဝန်ဆောင်မှုလုပ်ငန်းများမှ ဝန်ဆောင်ခရရှိငွေတို့နှင့် ထူထောင်သွားမည်ဖြစ်‌ကြောင်း သိရသည်။

အဆိုပါ ရန်ပုံငွေထူထောင်နိုင်ရန် နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေ၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေမှ ထောက်ပံ့ငွေအဖြစ် ကျပ် ၁၇၀ ဘီလျံကိုလျာထား ခွင့်ပြုခဲ့ပြီးဖြစ်သည်။

“ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်လည်း ရရှိပြီးဖြစ်တဲ့အတွက် ရန်ပုံငွေထည့်ဝင်ရန် အဆင်သင့်ရှိနေပြီဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

ရန်ပုံငွေအား MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ပြပွဲပြိုင်ပွဲကျင်းပခြင်းနှင့် MSME လုပ်ငန်းများအတွက် အတိုးနှုန်းသက်သာသည့် နှစ်တို၊ နှစ်လတ်ချေးငွေများ ထုတ်ချေးရေးအတွက် ဦးစားပေးသုံးစွဲမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

လက်ရှိအချိန်အထိ မြန်မာ့စီးပွားရေးဘဏ်၏ အသေးစား၊ အငယ်စားနှင့် အလတ်စား MSME ချေးငွေအစီအစဥ်မှ လုပ်ငန်းရှင် ၃၄၂ ဦးသို့ ချေးငွေကျပ် ၂၆ ဘီလျံနီးပါး ထုတ်ချေးပြီးဖြစ်ကြောင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီက ထုတ်ပြန်ထားသည်။

မြန်မာ့စီပွားရေးဘဏ်မှ လက်ရှိထုတ်ချေးပေးနေသည့် MSME ချေးငွေသက်တမ်းသည် အများဆုံး (၅) နှစ်ဖြင့် ချေးငွေပမာဏ အများဆုံး ကျပ်သန်း ၃၀၀ အထိ ထုတ်ချေးပေးလျက်ရှိသည်။ အတိုးနှုန်းများအနေဖြင့် မရွှေ့ပြောင်းနိုင်သော အာမခံပစ္စည်းဖြင့် ချေးယူလျှင် ၅ ဒသမ ၅ ရာခိုင်နှုန်း၊ အပေါင်ပစ္စည်းလျှော့ပေါ့ချေးငွေချေးယူလျှင် ၇ ရာခိုင်နှုန်းမှ ၉ ရာခိုင်နှုန်း၊ အပေါင်ပစ္စည်းတွင် စက်ပစ္စည်း အာမခံထည့်သွင်း ချေးယူလျှင် ၈ ဒသမ ၅ ရာခိုင်နှုန်းမှ ၁၁ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးမည်ဖြစ်သည်။ မရွှေ့ပြောင်းနိုင်သောပစ္စည်းများအဖြစ် မြေနှင့်မြေပေါ်ရှိ အဆောက်အဦး၊ CGI အာမခံ၊ စက်ပစ္စည်းတို့ ပြသနိုင်ရမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *