၂၇. ၁၂. ၂၀၂၂
MT News Editorial

တစ်လခန့် ကျင်းပမည့် (၇၅) ကြိမ်မြောက် စိန်ရတု တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ သံဃာတော်အရှင်သူမြတ် ၄၂၆ ပါးနှင့် ယမန်နေ့မှစ ကျင်းပနေပြီဖြစ်ပေသည်။

တိပိဋကဓရ တိပိဋကကောဝိဒဟုဆိုသည်နှင့် မြန်မာနိုင်ငံတွင် တိပိဋကဓရ တိပိဋကကောဝိဒဘွဲ့ကို ပထမဆုံးရရှိခဲ့သော ဆရာတော်တစ်ပါးဖြစ်၍ ဂင်းနစ်စံချိန်မှတ်တမ်းတွင် မှတ်ဉာဏ် အကောင်းဆုံးအဖြစ် စံချိန်တင်ခဲ့သူလည်း ဖြစ်သည့် မင်းကွန်းဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ဝိစိတ္တသာရာဘိဝံသကို ပြေးမြင်ကြမည်ဖြစ်ပေသည်။ ထိုနည်းနှင်နှင် သာသနာ့သမိုင်းတွင် အပါး ၂၀ ပင်မပြည့်သေးသော အမြင့်ဆုံးနှင့် အခက်ဆုံးရယူရသည့် သာသနာတော်ဆိုင်ရာဘွဲ့လည်းဖြစ်သလို ပိဋကတ်သုံးပုံအား ရေးဖြေဖြေဆိုခြင်း၊ အာဂုံ​ဆောင်ရခြင်းများလည်း ပြုလုပ်ရသဖြင့် အလွန့်အလွန်ခက်ခဲသော စာမေးပွဲတစ်ခုဟုလည်း ဆိုရမည်ဖြစ်ရာ ၄၂၆ ပါးအထိ ဝင်ရောက်အားထုတ်ကြသည်မှာလည်း ဝမ်းမြောက်စရာဖြစ်ပေသည်။

သုတဗုဒ္ဓဆိုသည်မှာကား ဘုရားဟော တရားတော်များကို အများသိရှိနားလည်အောင် တစ်ဖန်ပြန်ပြီးသင်ကြားပို့ချ ဟောဖော်ညွှန်ပြဆုံးမပေးကြသော တိပိဋကဓရ ဆရာတော်ဘုရားများ၊ စာချဆရာတော်ဘုရားများ၊ ဓမ္မကထိကဆရာတော်ဘုရားများကို “သုတဗုဒ္ဓ”ဟုခေါ်ဆိုပြီး ထိုဆရာတော်ကြီးများကို ပြစ်မှား စော်ကားမိက ဘုရားရှင်ကို ပြစ်မှားစော်ကားသကဲ့သို့ဖြစ်သည်ဟုလည်း ဆိုရိုးရှိပေသည်။

လက်တွေ့မျက်မြင်တွင်လည်း ပြီးခဲ့သည့်သုံးနှစ်ကျော်က မော်ကျွန်းဆရာတော်ကဲ့သို့ သုတဗုဒ္ဓဆရာတော်ဘုရားကြီးများကို ဖမ်းဆီးရန်၊ ထောင်ချရန်ပြုလုပ်ခဲ့သည့်၊ ပြုလုပ်ကြရန် ကြိုးပမ်းခဲ့သည့် အဖွဲ့အစည်းသည်လည်း တစ်ဖွဲ့လုံးပျက်သုဥ်းရသည်ကို တွေ့မြင်ရပြီး ဖြစ်ပေသည်။ ရှေးယခင်ကလည်း ထိုသို့ ဖမ်းဆီးထောင်ချသဖြင့် တစ်ဖွဲ့လုံးပျက်သုဥ်းရသည့်ဖြစ်စဥ်များလည်း မြင်သိခဲ့ရပေသည်။

သုတဗုဒ္ဓဟု ခေါ်ဆိုထိုက်သူများတွင် တိပိဋကဓရ၊ တိပိဋက ကောဝိဒ ဆရာတော်ကြီးများမှာ ထိပ်ဆုံးကပါဝင်နေပြီး ယနေ့ကာလတွင် ပေါ်ထွန်းခဲသည့် တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်လောင်းလျာများ ၄၂၆ ပါးအထိ ကြိုးစားအားထုတ်နေသည့်မြင်ကွင်းများမှာ အနာဂတ်သာသနာအတွက် ဝမ်းသာစရာဖြစ်ပေသည်။ ထို့အတူ မြန်မာ့သံဃာတော်များ အင်္ဂလိပ်စာအားနည်းသည့်အခြေအနေကို ပြုပြင်ရန် အပြည်ပြည်ဆိုင်ရာဗုဒ္ဓတက္ကသိုလ်များလည်း အားကောင်းမောင်းသန်ပေါ်ထွက်လာပြီဖြစ်သဖြင့် မဝေးတော့သည့်ကာလတွင် မြန်မာ့ဗုဒ္ဓဘာသာသည် ထိုးနှက်တိုက်ခိုက်ဖျက်ဆီးခံနေရသည့်ကြားမှပင် ရွံ့နွံကြားမှ ပဒုမ္မာကြာ ထိုးထွက်လာသော်ငြား အညစ်အကြေးပေစွန်းမှုမရှိသကဲ့သို့ ထွန်းလျက်ပင်သာ ရှိလာနေသည်ကို တွေ့ရပြန်ပေသည်။

ကမ္ဘာ့အခက်ခဲဆုံး တိပိဋကဓရ တိပိဋကကောဝိဒ စာမေးပွဲအတွက် သံဃာအပါး ၄၀၀ ကျော်က ကျော်လွှားရန် အားထုတ်မှုကို စစ်ဆေး ကျင်းပနေသည့်နည်းတူ မြန်မာ့သံဃာများအတွက် အခက်ခဲဆုံးအင်္ဂလိပ်စာအတားအဆီးကိုလည်း ကျော်လွှားနေပြီဖြစ်ရာ ထိုးနှက်တိုက်ခိုက်သတ်ဖြတ်မှုများရှိနေသည့်ကြားမှ လင်းလက်လာသော သာသနာ့အင်အားများဖြစ်သည်ဟု MT News သတင်းဌာနက ယုံကြည်ပါသည်။

ထို့အတွက် ယနေ့ကာလကဲ့သို့သော သံဃာတော်များ သတ်ဖြတ်ခံနေရသည့်ကာလ၊ လှုဒါန်းမှုများပြုလုပ်ပါကလည်း မလှုတန်းရဲအောင် ဆဲဆိုကြိမ်းမောင်းကြသည့်ကာလများဝယ် ဆရာ၊ ဒကာလက်တွဲညီညာစွာ ကျော်လွှားရမည့်အချိန်အခါလည်း ဖြစ်နေပါသဖြင့် ရဟန်းသံဃာများကို ထိုးနှက်သတ်ဖြတ်သူများကို ရှုတ်ချခြင်း၊ လက်နက်မဲ့သံဃာတော်များကို ဖမ်းဆီးသတ်ဖြတ်သည့်အဖွဲ့အစည်းများအား လှုဒါန်းထောက်ပံ့မှုမပြုခြင်းနှင့် လူ့အဖွဲ့အစည်းမှ ဖယ်ထုတ်ခြင်းများ ပြုလုပ်ရမည့်အချိန်ကာလလည်းဖြစ်ပါကြောင်းနှင့် ထိုသို့ ရဟန်းသံဃာများကို သတ်ဖြတ်နေသည့်အဖွဲ့အစည်းများမှာလည်း ဝိပါတ်ကြမ္မာမလွတ်သာသော အခြေအနေနှင့် ကျရှုံးမှုကို ရင်ဆိုင်ရမည်ဖြစ်ပါကြောင်းလည်း MT News သတင်းဌာနက မှတ်တမ်းတင် ဖော်ပြအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *