၂၇. ၁၂. ၂၀၂၂
Written by Thettant

တရားမဝင်အထောက်အထားမဲ့ ခိုးဝင်လာသည့် ဘင်္ဂါလီကျား ၁၃ ဦးနှင့် မ ၁၁ ဦးအား မော်လမြိုင်တွင် ဖမ်းမိခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

ဖြစ်စဥ်မှာ ဒီဇင်ဘာ ၂၅ ရက်က တာဝန်ရှိသူများသည် မော်လမြိုင်၊ လှိုင်ရပ်ကွက်၊ အုတ်ဖိုလမ်းရှိ ငါးထပ်တိုက်ရှိ လေးလွှာအား ဝင်ရောက်စစ်ဆေးရာ တရားမဝင် အထောက်အထားမဲ့ ဘင်္ဂါလီ ကျား ၁၃ ဦး၊ မ ၁၁ ဦး၊ စုစုပေါင်း၂၄ ဦးတို့အား စစ်ဆေးတွေ့ရှိခဲ့သည်ဟု သိရသည်။

ဖမ်းဆီးရမိသည့် ဘင်္ဂါလီများအားစစ်ဆေးမေးမြန်းရာ ရန်ကုန်မှဦးတင်ရွှေဆိုသူသည် အဆိုပါ တိုက်ခန်းအား၂၀၂၂ ဇန်နဝါရီလမှစ၍ နှစ်ပြတ်ငှားရမ်းခဲ့ပြီး ဖမ်းဆီးရမိဘင်္ဂါလီများအား ရန်ကုန်မှ ကုန်းလမ်းဖြင့် အသုတ်လိုက်ခွဲသွင်းခဲ့သည်ဟု သိရသည်။

ကနဦးတွင် ၁၃ ဦးမှာ ရောက်ရှိခဲ့ပြီး ၁၁ ဦးမှာ ဒီဇင်ဘာ ၂၄ ရက်တွင် ရန်ကုန်-မော်လမြိုင်ရထားဖြင့်လိုက်ပါခဲ့ပြီး ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်းနှင့် ဒီဇင်ဘာ ၂၅ ရက်တွင် မြဝတီမြို့သို့ ကုန်းလမ်းမှ အားလုံးထွက်ရန် ပြင်ဆင်ထားစဉ် ရန်ကုန်မြို့နေသူ ဦးတင်ရွှေဆိုသူမှ လာရောက်ခေါ်ဆောင်ခြင်းမရှိသေးသဖြင့် စောင့်ဆိုင်းနေစဉ် ဖမ်းဆီးခံရကြောင်း ကနဦးသိရသည်။

လက်ရှိတွင် အဆိုပါအထောက်အထားမဲ့ဘင်္ဂါလီ ၂၄ ဦးအား ဆက်လက်စစ်ဆေးနေပြီး လူကုန်ကူးသူများကိုလည်း ဖမ်းဆီးရမိရေး ဆောင်ရွက်နေသည်ဟု သိရသည်။

ပုံစာ။ ခိုးဝင်ဘင်္ဂါလီများဖမ်းမိထားမှု တွေ့ရစဥ်

Leave a Reply

Your email address will not be published. Required fields are marked *