၂၆. ၁၂. ၂၀၂၂
MT News Editorial

“အချိန်ကာလ၊ အကြိမ်၊ အလှည့်” ဆိုသော အဓိပ္ပာယ်များဖွင့်ဆိုကြသည့် “အခါ” ဆိုသော စကားလုံးအသုံးကို မကြာခဏတွေ့ဖူးကြပေလိမ့်မည်။

မင်္ဂလာအချိန်များ၊ လုပ်သင့်လုပ်ထိုက်သည့်ကိစ္စ အောင်မြင်ရမည့်အချိန်များကို တွက်ချက်မှုများတွင် “အခါတော်ပေး” ဟူသော အသုံးအနှုန်းဖြင့် ထည်ထည်ဝါဝါသုံးစွဲကြသလို မလုပ်သင့်သောအချိန်၊ မလုပ်အပ်သောအချိန်များကို တွက်ဆ၍ လည်း အခါဆိုသည့် စကားရပ် သုံးစွဲတတ်ကြပေသည်။

ထို့ပြင် အာဏာသိမ်းရန်၊ အာဏာလုယက်ရန် ကြံစည်ကြပါကလည်း မည်သည့်နေရက်၊ မည်သည့်အချိန်၊ မည်သည့်နေရာတွင် စတင်လုပ်ဆောင်သင့်သည်ဆိုသည့် အခါတော်ပေးသူများကိုလည်း မြန်မာ့သမိုင်းစဉ်တစ်လျှောက် ပြုလုပ်ခဲ့ကြရာ ၁၂၂၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မြင်ကွန်းမြင်းခုန်တိုင်အရေးအခင်းတွင် အခါပေးမှုကြောင့် အဆုံးစီရင်ခံရသည့် စလေဦးပုည ဖြစ်စဉ်များသည် “လူကို ခွေးသတ်လေခြင်း” ဟူသော မင်းတုန်းမင်း၏ စကားကြောင့်ပင် မြန်မာများအကြား ထင်ရှားသည့် မအောင်မြင်သော အခါပေးမှုဖြစ်ခဲ့လေသည်။

လက်ရှိကာလတွင်လည်း နိုင်ငံရေးမငြိမ်သက်သည့် အခါသမယဖြစ်၍ တိုက်ခိုက်ဗုံးခွဲမှုများ ပြုလုပ်ရန် မကြာခဏပင် နှိုးဆော်ကြသည့် အခါပေးမှုများ မြင်ခဲ့ရာ ပြီးခဲ့သည့် ရက်ပိုင်းကပင် တော်လှန်နယ်မြေ ကျောက်မြောင်းတွင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲစည်ကားစွာ လုပ်ဆောင်နေကြောင်း သတင်းမီဒီယာတချို့က ပို့စ်တင်ခဲ့ရာ ပြည်သူများခက်ခဲနေချိန် ပျော်ပွဲရွှင်ပွဲမပြုလုပ်ရန်နှင့် ဒလန်ဟု ဆဲဆိုမန့်သူများ၏ ထင်မြင်ချက်များသည် ဗုံးခွဲတိုက်ခိုက်ရန် အခါပေးသည့်အသွင်ဖြစ်ချေရာ ထိုသို့သတင်းဖော်ပြပြီးနောက်နေ့ ဗုံးကွဲသဖြင့် တောင်းရမ်းစားသောက်သူအမျိုးသမီး လက်ပြတ်ကာ ရင်သွေးငယ်ထိခိုက်ဒဏ်ရာရသည့်ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့ပေသည်။

ယနေ့တွင်လည်း အမေရိကန်နှင့် ဗြိတိန်ကဲ့သို့ နိုင်ငံကြီးများ၏ သံရုံးများက ယင်းတို့၏ နိုင်ငံသားများကို မြန်မာနိုင်ငံ၏ နေ့ထူးနေ့မြတ်ဖြစ်သော လွတ်လပ်ရေးနေ့နှင့် ပြည်ထောင်စုနေ့များ၊ လာမည့်အားလပ်ရက်များတွင် တိုက်ခိုက်မှုများ၊ ရည်ရွယ်ပစ်ခတ်မှုများနှင့် ဗုံးဖောက်ခွဲမှုများဖြစ်လာနိုင်သည်ဟု မျှော်လင့်ထားသောကြောင့် အမေရိကန်/ ဗြိတိန်နိုင်ငံသားများအနေနှင့် Lotte နှင့် Shangri La ဟိုတယ်များအပါအဝင် ရန်ကုန်နှင့် နေပြည်တော်မြိုများရှိ SAC အစိုးရနှင့်ဆက်စပ်နေသော အဖွဲ့အစည်း၊ အဆောက်အဦများ၊ အရက်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များ နှင့် လူနေတိုက်ခန်းများသို သွားရောက်ခြင်းမပြုလုပ်ပါရန် တိုက်တွန်းလာသည်ကို တွေ့ရပေသည်။

လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့များ၊ အားလပ်ရက်နေ့များတွင် ဗုံးခွဲတိုက်ခိုက်မှုများဖြစ်ပွားနိုင်ကြောင်း အဆိုပါ ထုတ်ပြန်ချက်သည် NUG နှင့် PDF များကို ငွေကြေးအပြင် နိုင်ငံတကာမျက်နှာစာမှ အဓိကထောက်ပံ့ကာ SAC ကို ဖိအားပေးနေသည့် နိုင်ငံကြီးနှစ်ခုဖြစ်သော အမေရိကန်နှင့် ဗြိတိန်နိုင်ငံတို့၏ ထုတ်ပြန်ချက်ဖြစ်ပေရာ အဆိုပါတိုက်ခိုက်မှုများပြုလုပ်မည်ကို အမေရိကန်နှင့် ဗြိတိန်တို့က ကြိုတင်သိရှိနေသည့် အသွင်ဖြစ်နေသလို အဆိုပါနေရာများကို တိုက်ခိုက်ပါဟု အခါပေးသည့်အသွင်လည်း ဖြစ်လာသည်ကိုလည်း တွေ့မြင်ရပေသည်။

ထို့အတွက် အာဏာရယူထားသော အစိုးရတစ်ရပ်ကို မကျေနပ်၍ လက်နက်ကိုင်တိုက်ခိုက်သူများအနေဖြင့်လည်း ငွေကြေးထောက်ပံ့ကာ အကူအညီပေးနေသော နိုင်ငံကြီးများ၏ အမိန့်ပေးအခါတော်အတိုင်း လုပ်ဆောင်နေကြပါက အများပြည်သူထိခိုက်မှုမရှိစေရေး ဆင်ခြင်အသိရှိရန် လိုအပ်ပေသည်။ ထို့အတူ NUG နှင့် PDF များကို အဓိကထောက်ပံ့နေသည့် အမေရိကန်နှင့် ဗြိတိန်တို့၏ အခါပေးထုတ်ပြန်ချက်များ၏ အန္တရာယ်ကိုလည်း အများပြည်သူအနေဖြင့် ဆင်ခြင်အသိရှိပါရန်နှင့် ကျည်ဆံနှင့် ဗုံးများတွင် အနီ၊ အစိမ်းခွဲခြားတတ်သော အသိဉာဏ်မပါသဖြင့် အများပြည်သူအကြား ဗုံးခွဲသတ်ဖြတ်မှုများကို လုံး၀လက်မခံသောမူများဖြင့် ပြည်သူက ဆန့်ကျင်ပေးပါရန်လည်း MT News သတင်းဌာနက တိုက်တွန်းတောင်းဆိုလိုပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *