NUG လက်အောက်ခံများ၏ ဖိနှိပ်မှုနှင့် အာဏာရှင်ဆန်မှုကို ဗကသအဖွဲ့မေးခွန်းထုတ်ပြီး အမြန်ဆုံးဖြေရှင်းပေးရန်ပါ အိတ်ဖွင့်ပေးစာပို့

ရဲဘော်မြင့်မြတ်ဦးသတ်ဖြတ်ခံရမှုအပေါ် တွေ့ဆုံဖြေရှင်းပေးရန် တောင်းဆိုမှု လျစ်လျူရှုထားပါက နောက်ဆက်တွဲဖြစ်ရပ် တာဝန်မယူဟု NUG ကို သတိပေး

၁၀. ၇. ၂၀၂၄
Written by Nay Moe

NUG ၏ ပသုံးလုံးအဖွဲ့များကြီးစိုးရာ ဝက်လက်နယ်တွင် အသက် ၁၆ နှစ်အရွယ် ဗကသကျောင်းသားရဲဘော်မြင့်မြတ်ဦး လည်လှီးသတ်ဖြတ်ခံရသည့်ဖြစ်ရပ်အပေါ် NUG လက်အောက်ခံများ၏ ဖိနှိပ်မှုနှင့် အာဏာရှင်ဆန်မှုကို ဗကသများအဖွဲ့ချုပ်က မေးခွန်းထုတ်ရုံသာမက အမြန်ဆုံးဖြေရှင်းပေးရန်ပါ အိတ်ဖွင့်ပေးစာကို ယနေ့ ပေးပို့လိုက်သည်။

ဇူလိုင် ၈ ရက် ည ၉ နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်ကြီးကျေးရွာတွင် နေထိုင်သော ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် G-11 ကျောင်းသား ရဲဘော်မြင့်မြတ်ဦး (အသက် ၁၆ နှစ်)သည် ရွာပြင် သုသာန်မှ အင်တာနက်သုံးပြီး အိမ်အပြန်လမ်းတွင် လည်ပင်းကို လှီးဖြတ်၍ အသတ်ခံလိုက်ရပြီး ထိုရဲဘော်သည် ရွာထဲတွင် မည်သူနှင့်မျှ ရန်ငြိုးရန်စမရှိသူဖြစ်သည်ဟု ဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်၍ အမြန်ဖြေရှင်း ဆောင်ရွက်ပေးရန်အတွက် ရည်ရွယ်ကာ ပြည်ထဲရေးနှင့် လူဝန်မှု ကြီးကြပ်ရေးဝန်ကြီးဌာန၏ အတွင်းဝန်ဆိုသူနှင့် Signal မှတစ်ဆင့် ဆက်သွယ်ခဲ့ကာ ဝန်ကြီးဌာန၏ မြေပြင်တွင် တာဝန်အကြီးဆုံးသူနှင့် ဆက်သွယ်ပေးပါရန် တောင်းဆိုခဲ့သော်လည်း ယခုအချိန်အထိ တောင်းဆိုသော အဆက်သွယ် မရရှိသေးပေ။ ထို့အပြင် ကာကွယ်ရေးဝန်ကြီးဌာန၏ အတွင်းဝန်ဆိုသူကိုလည်း Signal မှ ဆက်သွယ်ခဲ့သည်ဟု ပြောသည်။

သမဂ္ဂကျောင်းသားရဲဘော်များ မြေပြင်တွင် ဖိနှိပ်ခံရခြင်းများနှင့် ပတ်သက်၍ ဝန်ကြီးဌာနများထံ တွေ့ဆုံ ဆွေးနွေးလိုပါကြောင်း စာပေးပို့ခဲ့သည်မှာ အကြိမ်ကြိမ်ပင်ဖြစ်သော်လည်း ဝန်ကြီးဌာနများဘက်မှ မည်သို့မျှပင် တုံ့ပြန်ခဲ့ခြင်းမရှိသလို ယခုအခါတွင်မူ မြင့်မြတ်ဦး၏ အသက်တစ်ချောင်းကို ပေးဆပ်လိုက်ရသည်မှာ NUG ဝန်ကြီးဌာန တာဝန်ရှိသူများ၏ လျစ်လျူရှုမှုကြောင့်ဟု သတ်မှတ်နိုင်ပေသည်ဟုလည်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။ သို့ဖြစ်၍ သက်ဆိုင်ရာ တာဝန်ရှိလူကြီးမင်းများအနေဖြင့် ဗကသနှင့် အမြန်ဆုံးတွေ့ဆုံစကားပြော ဖြေရှင်းပေးရန် နောက်ဆုံးအကြိမ် တောင်းဆိုအသိပေးလိုက်ပြီး ထပ်မံလျစ်လျူရှုခဲ့ပါကလည်း နောက်ဆက်တွဲ ကိစ္စရပ်များသည် NUG ၏ တာဝန်ပင်ဖြစ်ကြောင်းကို ထပ်လောင်းသတိပေးလိုက်သည်ဟုလည်း ဗကသက စိန်ခေါ်ခဲ့သည်။

ထို အဖြစ်အပျက်နှင့်ပတ်သက်၍ ကြေကွဲဝမ်းနည်းရပြီး ဝက်လက်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းလည်ပတ်မှုများအပေါ် မေးခွန်းထုတ်ကြောင်း၊ မကြာသေးမီကပင် ဝက်လက်မြို့နယ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်များနှင့် ဆက်စပ်သူများအပေါ် ပစ်မှတ်ထား ဖိနှိပ်မှုများရှိခဲ့ကာ ကြားကာလအမျိုးသားညီညွှတ်ရေးအစိုးရ၏ လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်ဆိုသူများ၏ ထိုကဲ့သို့သော အာဏာရှင်ဆန်သည့်လုပ်ရပ်များကို ကျွန်ုပ်တို့ ဗကသများ အဖွဲ့ချုပ်အနေဖြင့် ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း၊ ဤမတရားသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ မိတ်ဖက်တော်လှန်ရေး အဖွဲ့အစည်းများအနေဖြင့် ဝန်းရံထောက်ခံ ကူညီကြပါရန် ဗကသများအဖွဲ့ချုပ်မှ လေးနက်စွာ တိုက်တွန်းအပ်ကြောင်း၊ ဗကသများအဖွဲ့ချုပ်အနေဖြင့် ဤမတရားသတ်ဖြတ်မှုကို မည်သူကျူးလွန်သည်ဖြစ်စေ တရားခံကို အပြစ်ရှိသည့်အတိုင်း အပြစ်ပေးအရေးယူကာ ရဲဘော်မြင့်မြတ်ဦးအတွက် တရားမျှတမှုရရှိရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်၊ ဗဟိုအမှုဆောင်အဖွဲ့ကလည်း သဘောထား ထုတ်ပြန်ထားသည်။

ဝက်လက်နယ်သည် NUG ၏ ပသုံးလုံးအဖွဲ့များ ကြီးစိုးရာဒေသဖြစ်ပြီး ပြည်သူများကို ဖိနှိပ်အုပ်ချုပ်သတ်ဖြတ်မှုကြောင့် မကြာခဏတိုင်ကြား ဆန္ဒပြခံရာနေရာဖြစ်သည်။

ပုံစာ။ ဗကသကျောင်းသားမြင့်မြတ်ဦး သင်္ဂြိုဟ်မှုမြင်ကွင်းနှင့် အိတ်ဖွင့်ပေးစာ၊ သဘောထားထုတ်ပြန်ချက်များ (Photo- Credit)

Leave a Reply

Your email address will not be published. Required fields are marked *