September 14, 2024

◾ AA သည် တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှုမှ ရရှိသည့် ငွေဖြင့် ရပ်တည်နေသည့်အဖွဲ့အစည်းဖြစ်ပြီး AA ၏ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှု (၉) ကြိမ် ဖမ်းဆီးရမိထားပြီး ကျပ်ဘီလျံ ၃၀၀ နီးပါးရှိ

MT News
၂၂. ၆. ၂၀၂၄

ပြည်သူများနှင့် ဘင်္ဂါလီများအပေါ် သတ်ဖြတ်မှုကျူးလွန်နေသည့် AA၊ PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်များအပေါ်  ပိုမိုအာရုံစိုက်ရန်နှင့် မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ” ဆိုသူ မွတ်ဆလင်များနှင့် အခြားလူနည်းစုများဆိုင်ရာ လူ့အခွင့်အရေးအခြေ အနေ”ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးမှုကို ပယ်ချကြောင်း မြန်မာနိုင်ငံက တုံ့ပြန်လိုက်သည်။

ဂျီနီဗာမြို့၌ ကျင်းပလျက်ရှိသည့် လူ့အခွင့်အရေးကောင်စီ၏ (၅၆) ကြိမ်မြောက် အစည်းအဝေးကာလအတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး၏ “မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ” ဆိုသူ မွတ်ဆလင်များနှင့် အခြားလူနည်းစုများဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာအပေါ် အပြန်အလှန်ဆွေးနွေးပွဲကို ၁၈-၆-၂၀၂၄ ရက်တွင် ကျင်းပခဲ့သည်။ သက်ဆိုင်ရာနိုင်ငံမပါဝင်ဘဲ အပြန်အလှန်ဆွေးနွေးပွဲကျင်းပခြင်းသည် ကောင်စီ၏ အခြေခံမူများဖြစ်သော အပြုသဘောဆောင်သည့် နိုင်ငံတကာဆွေးနွေးပွဲနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ဆန့်ကျင်လျက်ရှိသည်။

မြန်မာအစိုးရက လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက ပံ့ပိုးပေးရန် မေတ္တာရပ်ခံသည့် သတင်းအချက်အလက်များကို ပေးပို့ခဲ့သော်လည်း မဟာမင်းကြီးသည် ၎င်းအချက်အလက်များကို လျစ်လျူရှု၍၊ လက်နက်ကိုင်အဖွဲ့များနှင့် အကြမ်းဖက်သမားများ၏ ပြောကြားမှုများကို သံယောင်လိုက်ကာ၊ လိုရာဆွဲ နမူနာပုံစံကောက်ယူနေသည်ကို တွေ့ရသည်။ သို့ဖြစ်ရာ မှားယွင်းသော အသိ၊ မမှန်ကန်သော ကောက်ချက်ချမှုတို့နှင့် ချို့ယွင်းချက်ရှိသော အကြံပြုချက်တို့ကို ဖြစ်ပေါ်စေသည်။ အစီရင်ခံစာနှင့် ယင်းအပေါ် အပြန်အလှန်ဆွေးနွေးပွဲတို့သည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ပုံကြီးချဲ့လွန်းခြင်းကြောင့် ၎င်းတို့၏ လုပ်ပိုင်ခွင့်တာဝန်ကို ဆောင်ရွက်ရာတွင် ပီပြင်မှုမရှိတော့သည်ကို တွေ့ရှိရသည်။

နေရပ်ပြန်လည်ပို့ဆောင်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံသဘောတူထားသော အစီအမံများမှတစ်ဆင့် အပြည့်အဝ ကတိပြုထားသည့်အတိုင်း စိစစ်အတည်ပြုပြီးသော ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွာသူများ နေရပ်ပြန်ရေးကို တတ်နိုင်သမျှ ဆောလျင်စွာဆောင်ရွက်ရန် ပြင်ဆင်ထားသည်။ မြန်မာနိုင်ငံအနေဖြင့် ရခိုင် ပြည်နယ် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပတ်သက်၍ နိုင်ငံတကာနည်းတူ စိုးရိမ်ပူပန်မှုရှိသည်။ AA သောင်းကျန်းသူများသည် ၎င်းတို့၏ နိုင်ငံရေး၊ စီးပွားရေးအကျိုးအမြတ်အတွက် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးနေသည်။ ၎င်းတို့အဖွဲ့သည် ပြီးခဲ့သည့် မြန်မာနှစ်သစ်ကူးအခါသမယ၌ ပြည်သူများ ကောင်းမှုကုသိုလ် ပြုလုပ်နေချိန်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ တည်ငြိမ်မှုပျက်ပြားပြီး၊ ပြည်သူများ အထိတ်တလန့်ဖြစ်စေရန် ဆောင်ရွက်ခဲ့သည်။ ၎င်းတို့သည် တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်မှုမှ ရရှိသည့် ငွေဖြင့် ရပ်တည်နေသည့်အဖွဲ့အစည်းဖြစ်သည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း AA ၏ မူးယစ်ဆေးဝါး တရားမဝင်ရောင်းဝယ်မှု (၉) ကြိမ် ဖမ်းဆီးရမိခဲ့ပြီး၊ စုစုပေါင်းကာလ တန်ဖိုး ကျပ် ၂၉၄.၈၂ ဘီလျံဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် “စစ်ဆင်ရေး ၁၀၂၇” ဆိုသည့် စစ်ဆင်ရေးနှင့် တစ်ပြိုင်တည်းလိုလိုပင် ညီနောင်မဟာမိတ် (၃) ဖွဲ့ခေါ်အဖွဲ့၏ အဖွဲ့ဝင်ဖြစ်သော AA လက်နက်ကိုင်အဖွဲ့က ရခိုင်ပြည်နယ်ရှိ မြို့ရွာများအား တိုက်ခိုက်မှုများ စတင်ခဲ့သည်။ AA ၏ ရက်စက်ကြမ်းကြုတ်မှုများကို ဆန့်ကျင်သည့် ဒေသခံများမှာ ပစ်မှတ်ထားလက်တုံ့ပြန်ခြင်းခံကြရသည်။ ဘူးသီးတောင်မြို့၌ ခိုလှုံလာသူများအား အစိုးရက နေရာထိုင်ခင်းများ ထောက်ပံ့စီစဉ်ပေးနေစဉ် ၄-၅-၂၀၂၄ ရက်တွင် AA က ယာယီနေရပ်စွန့်ခွာသူများ ခိုလှုံနေသည့် အခြေခံပညာအထက်တန်းကျောင်းအား တိုက်ခိုက်ခဲ့သဖြင့် အရပ်သား (၂) ဦး သေဆုံးခဲ့သည်။ ၁၃-၅-၂၀၂၄ ရက်အထိ AA အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သား (၆၀) ဦး အသက်ဆုံးရှုံးခဲ့သည်။ ၁၇-၅-၂၀၂၄ ရက်နှင့် ၁၈-၅-၂၀၂၄ ရက်တို့တွင် ဘူးသီးတောင်၌ AA လက်နက်ကိုင်အဖွဲ့က နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ရာ သေဆုံးသူအရေအတွက်ကို စိစစ်ဆဲဖြစ်သည်။

AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့သည် ယင်းဖြစ်စဉ်များကို ဖုံးကွယ်ရန်အတွက် ၂၇-၅-၂၀၂၄ ရက်တွင် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာတွင် လူ (၄၀) ဦးမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ သတ်ဖြတ်ခြင်းခံရကြောင်းဖြင့် သတင်းမှားများ ဖြန့်ခဲ့ကြသည်။ စင်စစ်တွင် ၂၉-၅-၂၀၂၄ ရက်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဗျိုင်းဖြူကျေးရွာသားမဟုတ်သည့် သံသယရှိသူများကို စစ်ဆေးမေးမြန်းနေစဉ် သံသယရှိသူများအနက်မှ (၃) ဦးက လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး၏ ရိုင်ဖယ်သေနတ်ကို လုယူပစ်ခတ်ရန် ကြိုးပမ်းခဲ့ရာ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ခုခံပစ်ခတ်ခဲ့သဖြင့် ၎င်းတို့ (၃) ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။ AA အကြမ်းဖက်သမားများက အဓိကသယ်ယူပို့ဆောင်ရေးနှင့် ကုန်သွယ်မှု လမ်းကြောင်းများအား ပိတ်ဆို့ထားသည့်အကြားမှ အစိုးရအနေဖြင့် ဒေသခံပြည်သူများထံ စားနပ်ရိက္ခာနှင့် ကုန်စည်များ ရောက်ရှိစေရေး ဆောင်ရွက်လျက်ရှိသည်။

မဟာမင်းကြီး၏ တင်ပြချက်တွင် AA လက်နက်ကိုင်အဖွဲ့များ၏ ဒေသခံလူထုအပေါ် ချိုးဖောက်မှုနှင့် ရက်စက်ကြမ်းကြုတ်မှုများကို အနည်းအကျဉ်း ဖော်ပြထားသည်။ စင်စစ်တွင် အခြားလက်နက်ကိုင်အဖွဲ့များကလည်း AA ၏ ကျူးလွန်မှုများနှင့် အသွင်သဏ္ဍာန်တူသည့် သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ နှင်ထုတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ငွေညှစ်ခြင်း၊ သဘာဝသယံဇာတများအပေါ် ခေါင်းပုံဖြတ်ခြင်းစသည့် ရာဇဝတ်မှုများကို ဒေသခံလူထုအပေါ် ကျူးလွန်နေသည့်အတွက် မဟာမင်းကြီးအနေဖြင့် ယင်းအပေါ် ပိုမိုအာရုံစိုက်သင့်သည်။ PDF များအကြား တိုက်ခိုက်မှုများနှင့် နယ်မြေပိုင်ဆိုင်မှုနှင့် သယံဇာတအရင်းအမြစ်များအတွက် လက်နက်ကိုင်အဖွဲ့များအကြား တိုက်ခိုက်မှုများသည် တည်ငြိမ်မှုကိုသာမက တိုင်းရင်းသားအရေးနှင့် ဘာသာရေးဆိုင်ရာ တင်းမာမှုများကို ဖြစ်စေသည်။ ယင်းကဲ့သို့ဖြစ်ရပ်အချို့ကို ဂျီနီဗာမြို့၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၏ အင်တာနက်စာမျက်နှာ၌ ဖော်ပြထားသည့် “မဟာမင်းကြီး၏ အစီရင်ခံစာအပေါ်တွေ့ရှိချက်များ”တွင် ဖတ်ရှုနိုင်သည်။

မဟာမင်းကြီးနှင့် အချို့နိုင်ငံများ၏ တင်ပြချက်များတွင် လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်လာကြောင်း ဖော်ပြသည့်အပြင် စစ်ရေးပစ်မှတ်မဟုတ်သော မြို့ရွာများကို တိုက်ခိုက်ခဲ့မှုများကိုလည်း အသိအမှတ်ပြုဖော်ပြထားသည်။ ဝေးလံခေါင်ဖျားသောဒေသများတွင် မြို့အများအပြား တိုက်ခိုက်ခံရသော်လည်း၊ အစိုးရအနေဖြင့် နယ်မြေအများအပြားတွင် တည်ငြိမ်မှု ပြန်လည်ရရှိရန် ဆောင်ရွက်နိုင်ခဲ့သည်။ လက်နက်ကိုင်အဖွဲ့များ၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများသည် ၎င်းတို့၏ လက်အောက်တွင် ဆက်လက်နေထိုင်နိုင်ခြင်း မရှိတော့ဘဲ နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရသည်။ တပ်မတော်မှ ပြန်လည်ထိန်းချုပ်ရယူနိုင်ခဲ့သည့် မြို့ရွာများသို့ ပြည်သူများ ပြန်လည်လာရောက်နေထိုင်နေသည့် ဓာတ်ပုံများက တပ်မတော်သားများအပေါ် ဒေသခံပြည်သူများက ယုံကြည်မှုရှိပြီး၊ လုံခြုံစိတ်ချစွာ နေထိုင်လျက်ရှိသည်ကို ပြသလျက်ရှိသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအနေဖြင့် အခြားသောနိုင်ငံများနည်းတူ စစ်မှုထမ်းဥပဒေကို ပြည်တွင်းလိုအပ်ချက်များနှင့်အညီ ကျင့်သုံးခဲ့ခြင်းဖြစ်သည်။ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၁) နှင့် (၂) သို့ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ကာကွယ်လိုသူများက မိမိသဘောဆန္ဒအလျောက် စာရင်းပေးသွင်းခဲ့ကြသည်။ အတင်းအဓမ္မစစ်မှုထမ်းရန် စုဆောင်းနေသည့် သတင်းများရရှိပါကလည်း ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့သို့ အချိန်မရွေး တိုင်ကြားနိုင်သည်။

မြန်မာနိုင်ငံသည် ဆွေးနွေးပွဲနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက် အထောက်အကူမပြုသည့် နိုင်ငံတစ်နိုင်ငံအပေါ် ဦးတည်ပစ်မှတ်ထားသော လုပ်ပိုင်ခွင့်အာဏာများကို မူအရဆန့်ကျင်သည်။ မြန်မာနိုင်ငံသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို ဖော်ဆောင်ရန် ကြိုးပမ်းနေစဉ် လူ့အခွင့်အရေးကောင်စီက မြန်မာမပါဝင်ဘဲ မဟုတ်မမှန်စွပ်စွဲချက်များအပေါ်အခြေခံ၍ မြန်မာနိုင်ငံနှင့် နိုင်ငံတကာအသိုက်အဝန်းအကြား နားလည်မှုလွဲမှားစေရန် ဆွေးနွေးဖန်တီးလျက်ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၌ နိုင်ငံတစ်နိုင်ငံအပေါ် ပစ်မှတ်ထားသည့် အပြန်အလှန်ဆွေးနွေးပွဲ ကျင်းပခဲ့ခြင်းကိုကန့်ကွက်ပြီး၊ “မြန်မာနိုင်ငံရှိ “ရိုဟင်ဂျာ” ဆိုသူ မွတ်ဆလင်များနှင့် အခြားလူနည်းစုများဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ (A/HRC/56/23)” ခေါင်းစဉ်ဖြင့် အစီရင်ခံစာကို ပယ်ချသည်ဟု ဂျီနီဗာမြို့ရှိ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၏ ကြေညာချက်တွင်ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *