November 4, 2024

အိန္ဒိယနိုင်ငံအတွင်း ကျောက်မီးသွေးမှထုတ်ယူရရှိသော စွမ်းအင်ဖြင့် လည်ပတ်နေသော စက်ရုံတစ်ရုံတွင် ကာဘွန်ထုတ်လွှတ်မှုများအား တွေ့ရစဉ်။

၂၁. ၁၂. ၂၀၂၂
Translated by Htwe Ko Tun

ဟောင်ကောင်မှ SSGE ဇီဝစွမ်းအင်လုပ်ငန်းက လေထုအတွင်း ကာဘွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှုလျော့ကျစေမည့် စွမ်းအင်အရင်းအမြစ်တစ်မျိုး မြန်မာနိုင်ငံ၌ စတင်ထုတ်လုပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

အဆိုပါ SSGE ဇီဝစွမ်းအင်လုပ်ငန်းက ကာဘွန်ထုတ်လွှတ်မှုကို ထိန်းချုပ်နိုင်သည့် အကျိုးကျေးဇူးရှိသည့်အပြင် စက်မှုလုပ်ငန်းများ၏ စွမ်းအင်လိုအပ်မှုကြောင့် မြင့်တက်လာသည့် ကိုင်တွယ်ရခက်သော ကျောက်မီးသွေးဈေးနှုန်းမြင့်တက်မှုပြဿနာကိုပါ ထိန်းသိမ်းနိုင်ရန် ရည်ရွယ်လျက် စိုက်ပျိုးရေးလုပ်ငန်းစွန့်ပစ်ပစ္စည်းများမှ ကျောက်မီးသွေးကဲ့သို့ ပစ္စည်းတစ်ခုကို စွမ်းအင်အရင်းအမြစ်တစ်ခုအဖြစ် ထုတ်လုပ်ရန် ကြိုးစားခဲ့ရာ ယခုအခါ မြန်မာနိုင်ငံအတွင်းရှိ ၎င်း၏စက်ရုံမှ စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောခဲ့ခြင်းဖြစ်သည်။

ဇီဝကျောက်မီးသွေးဟု အမည်ပေးထားသည့် အဆိုပါစွမ်းအင်အရင်းအမြစ်ကို စပါးခွံ (သို့မဟုတ်) မြေပဲခွံကဲ့သို့ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများမှ ထုတ်ယူနိုင်သည်။ ၎င်းက ကျောက်မီးသွေးကဲ့သို့ပင် စွမ်းအင်ကိုထုတ်ယူရနိုင်ပြီး ကာဘွန်ထုတ်လွှတ်မှုကမူ ကျောက်မီးသွေးနှင့်နှိင်းယှဉ်လျှင် များစွာနည်းပါးသည်ဟု SSGE လုပ်ငန်းဦးဆောင်ညွှန်ကြားရေးမှူး ယွန်ချင်မန်က ပြောသည်။

ဇီဝကျောက်မီးသွေး တစ်တန်ကျတိုင်း ကျောက်မီးသွေးထက် ကာဘွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု ၂ ဒသမ ၅ တန် လျော့ကျကြောင်းလည်း ၎င်းကဆိုသည်။ ဆက်လက်၍ ယွန်က စိုက်ပျိုးရေးလုပ်ငန်းစွန့်ပစ်ပစ္စည်းများမှ ဇီဝကျောက်မီးသွေးကဲ့သို့ စွမ်းအင်အရင်းအမြစ်ကို ထုတ်လုပ်နိုင်ခြင်းက ၎င်းစွန့်ပစ်ပစ္စည်းများအား သမားရိုးကျဖယ်ရှားရမှုများကိုလည်း အဆုံးသတ်စေမည်ဟု ဒီဇင်ဘာလအတွင်း ဟောင်ကောင်ကုန်သွယ်ရေးဖွံ့ဖြိုးမှုကောင်စီက ပြုလုပ်သော Eco Expo Asia 2022 ပြပွဲတွင် ပြောကြားသွားခဲ့သည်။

SSGE ဇီဝစွမ်းအင်လုပ်ငန်းက လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း အဆိုပါ ဇီဝကျောက်မီးသွေးစွမ်းအင်အရင်းအမြစ် ထုတ်လုပ်မှုအတွက် နည်းပညာများကို လေ့လာအပြီး မြန်မာနိုင်ငံမှ ပလတ်စတစ် ထုတ်ပိုးမှုလုပ်ငန်း Hip Lik နှင့်ပူးပေါင်းကာ ဇီဝကျောက်မီးသွေးထုတ်လုပ်မှုလုပ်ငန်းများကို ၂၀၁၉ ခုနှစ်တွင် စတင်ခဲ့သည်။ ကျောက်မီးသွေးအား တစ်ကမ္ဘာလုံး၌ တစ်နှစ်ပတ်လုံး လိုအပ်မှုမြင့်မားကာ တစ်ကမ္ဘာလုံး၌ပင် ကာဘွန်ထုတ်လွှတ်မှုများ မြင့်တက်နေစေချိန်တွင် ဇီဝကျောက် မီးသွေးအသုံးပြုမှုက လေထုထဲသို့ ကာဘွန်ဒိုင်အောက်ဆိုဒ် အသစ်ဖြစ်ပေါ်စေမည်မဟုတ်ဟုလည်း ယွန်ချင်မန်က ပြောခဲ့သည်။

SSGE က နိုဝင်ဘာလမှစ၍ လစဉ် ဇီဝကျောက်မီးသွေး တန်ချိန် ၂၀,၀၀၀ ကျော်ကို ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ၎င်း၏စက်ရုံမှ ထုတ်လုပ်လျက်ရှိသည်။ ထိုစက်ရုံက ၂၀၂၇ ခုနှစ်တွင် ထုတ်လုပ်မှုတန်ချိန် ၅ သန်းကျော် ထုတ်လုပ်နိုင်သည်အထိ တိုးမြှင့်ခြင်းမပြုမီ လစဉ်တန်ချိန် ၃၀၀,၀၀၀ ထုတ်လုပ်နိုင်ကြောင်းလည်း သိရသည်။

ယွန်က မြန်မာနိုင်ငံရှိ စက်ရုံမှထုတ်လုပ်သော ဇီဝကျောက်မီးသွေးများကို ပြည်ပသိုတင်ပို့ဖြန့်ဖြူးရန် စာချုပ်ချုပ်ဆိုထားသည်ဟုလည်း ပြောခဲ့သည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီမှစ၍ ခြောက်လကြာ လစဉ် ဇီဝကျောက်မီးသွေးတန်ချိန် ၁၅,၀၀၀ ကို မြန်မာနိုင်ငံရှိစက်ရုံမှတင်ပို့မည်ဖြစ်ပြီး ထို့နောက်တွင် တန်ချိန် ၂၀,၀၀၀ လစဉ်တင်ပို့မည်ဟု ဆိုသည်။ ထို့ပြင် SSGE က ၂၀၂၃ ခုနှစ်မှစ၍ ၎င်းစက်ရုံမှထုတ်လုပ်သည့် ဇီဝကျောက်မီးသွေးတန်ချိန် ၁၆၀,၀၀၀ ကို အာရှတိုက်အတွင်း ထောက်ပံ့ဖြန့်ဖြူးမည်ဖြစ်ကြောင်းလည်း ယွန်က ပြောခဲ့သည်။ သို့သော် ၎င်းက ဝယ်ယူမည့်နိုင်ငံကိုမူ ပြောကြားခြင်းမရှိပေ။

SSGE ၏ နှစ်တိုစီမံချက်က ဇီဝကျောက်မီးသွေးများကို မြန်မာနိုင်ငံအတွင်းထုတ်လုပ်နိုင်စွမ်း တိုးမြှင့်သွားရန်ဖြစ်ကြောင်း၊ နှစ်လတ်စီမံကိန်းအနေဖြင့် အရှေ့တောင်အာရှဒေသအတွင်း တိုးချဲ့ထုတ်လုပ်သွားရန်ဖြစ်ပြီး၊ နှစ်ရှည်စီမံကိန်းအနေဖြင့် တရုတ်နိုင်ငံ၏ စိုက်ပျိုးရေးဇုံများတွင် တိုးချဲ့ထုတ်လုပ်သွားရန် မျှော်မှန်းကြောင်း ယွန်ကပြောကြားသွားခဲ့သည်။

Ref—SCMP

Leave a Reply

Your email address will not be published. Required fields are marked *