၃၀. ၅. ၂၀၂၄
Written by Nay Moe

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဆန္ဒပြမှုနဲ့ လက်နက်ကိုင်လှုပ်ရှားမှုဦးဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး လက်ရှိမှာ ကလေးခရိုင် PDF အထူးတပ်ရင်း (၅)- (SR-5) ဒု-တပ်ရင်းမှူးအဖြစ် တာဝန်ယူထားရင်း Operation Mo Mo မြို့ပြမြေအောက် စစ်ဆင်ရေး ခေါင်းဆောင်လုပ်နေတဲ့ ဒီမို(ခ) ရန်နိုင်ဦးဟာ ကလေးမြို့ပေါ်မှာတင်ပဲ လုံခြုံရေးတပ်ဖွဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။
ဖြစ်စဥ်က မေလ ၂၉ ရက် မနက်ပိုင်းမှာ ကလေးမြို့ တောင်ဇလပ်ရပ်ကွက်မှာရှိတဲ့ ရည်းစားဖြစ်သူကို သွားတွေ့ချိန် တာဝန်သိပြည်သူတွေ အတိအကျသတင်းပေးမှုအရ လုံခြုံရေးတပ်ဖွဲ့က သွားရောက်ဖမ်းဆီးချိန် ပစ်ခတ်မှုဖြစ်ပွားရာမှာ လက်ဦးမှူရယူပစ်ခတ်လိုက်တာဖြစ်ပြီး ဒီမို (ခ) ရန်နိုင်ဦးကို သေနတ်တစ်လက်နဲ့အတူ အသေဖမ်းမိခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဒီမို (ခ) ရန်နိုင်ဦးဟာ သေဆုံးချိန်မှာ အသက် ၃၇ နှစ်အရွယ်ရှိပြီး ကလေးခရိုင် ဒုစစ်ဦးစီးချုပ်ဖြစ်ခဲ့ဖူးသလို ကလေးခရိုင် PDF အထူးတပ်ရင်း (၁) ရဲ့ တပ်ရင်းမှူးလည်းဖြစ်ခဲ့ဖူးတယ်လို့ သူနဲ့လက်တွဲအလုပ်လုပ်နေတဲ့ ထက်အောင်ကျော်က လူမှုကွန်ရက်မှာ ရေးသားထားပြီး Kalay Township People’s Police ကလည်း”တော်လှန်ရေးခေါင်းဆောင်တစ်ဦးကျဆုံးမှုအတွက်
အင်မတန်မှ ၀မ်းနည်းခံစားရပါတယ်။ ငြိမ်းချမ်းစွာ အနားယူပါတော့ ကိုဒီမို။ အစဉ်အမြဲလေးစားလျက်ပါ။ အစဉ်အမြဲ အလေးပြုလျက်ပါ။ မပြီးဆုံးသေးတဲ့ခရီးအတွက် ကျွန်တော်တို့တွေ ရှေ့ဆက်လျှောက်ကြပါမည်။”လို့ ရေးသားထားပါတယ်။ ဒါ့အပြင် PDF Kalay Mine Force ကလည်း ဒီမို (ခ) ရန်နိုင်ဦးအတွက် လက်စားချေဖို့ အပြင်းထန်ဆုံးနဲ့ အကြမ်းတမ်းဆုံးတုံ့ပြန်မယ်လို့လည်း လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
ဒီမို (ခ) ရန်နိုင်ဦးခေါင်းဆောင်တဲ့ Operation Mo Mo စစ်ဆင်ရေးဟာ Mission ၃၀ ကျော် လုပ်ကိုင်ဖူးတာကြောင့် နှိမ်နင်းနိုင်ဖို့ ကြိုးစားခံနေရတဲ့အဖွဲ့ဖြစ်ပြီး လက်ရှိမှာတော့ ခေါင်းဆောင်လုပ်သူသေဆုံးသွားတဲ့အပြင် Glock ပစ္စတို သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁၆ တောင့်နဲ့ ကျည်ခွံ ၇ ခု၊ PDF အဖွဲ့တွေနဲ့ ဆက်သွယ်ထားတဲ့ ဖုန်း ၁ လုံး သိမ်းဆည်းရမိခဲ့တဲ့အပြင် အလောင်းကိုပါစစ်ဆေးဖို့လုပ်ဆောင်နေတာကြောင့် ကလေး PDF တပ်ဖွဲ့ဟာ ဒီမို(ခ) ရန်နိုင်ဦးရဲ့ အသုဘကို ရုပ်အလောင်းမပါဘဲ ကျင်းပနေတယ်လို့ သိရပါတယ်။



