၂၄.၅.၂၀၂၄
Written By Zun

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြောက်ဦးမြို့၊ ခရိုင်ထွေအုပ်ရုံးအတွင်း ခြေကုပ်စခန်းချနေထိုင်သည့် AA အဖွဲ့ကို တပ်မတော်က ယနေ့မနက်ပိုင်းအချိန် လေကြောင်းဖြင့် ရှင်းလင်းခဲ့သည်မှာ မှန်ကန်ကြောင်း မြောက်ဦးဒေသခံတစ်ဦးက MT News ကို မေလ ၂၄ ရက် မွန်းလွဲပိုင်းက အတည်ပြုပြောဆိုသည်။

“မနက်က ၁၀ နာရီလောက်က ပစ်တယ်။ အသံအကျယ်ကြီး ကြားရပြီးနောက်တော့ အဆောင် ၃ ဆောင်ကြားကို ကျပြီးတော့ ပေါက်ကွဲတယ်လို့ သိရတယ်။ ထွေအုပ်ရုံးအဆောင်တွေ ဟုတ်ပါတယ်။ အဲဒီမှာက အပစ်ခံရတဲ့အဆောင်တွေမှာ AA က တာဝန်ရှိသူတွေနေတယ်လို့ သိရတယ်။ ဆိုတော့ လူအထိအခိုက် ဘယ်လောက်ထိခိုက်တယ်ဆိုတာတော့ မသိရသေးဘူး”ဟု ဒေသခံ တစ်ဦးက ပြောသည်။

လတ်တလောတွင် အဆိုပါဖြစ်စဉ်အပေါ် နစကအနေဖြင့် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

သို့သော်လည်း လူမှုကွန်ရက် စာမျက်နှာအချို့တွင် AA အဖွဲ့က ၃၁ ဦး သေဆုံးပြီး ၂၇ ဦး ဒဏ်ရာပြင်းထန်ကြောင်း ရေးသားချက်အရ သိရသော်လည်း AA အဖွဲ့ကမူ ငြင်းဆိုထားပြီး ဒေသတွင်းသတင်းများကမူ ၆ ဦးသေဆုံးကာ အများအပြားဒဏ်ရာရသည်ဟု ရေးသားကြသည်။

“မနက်က တိုက်ခိုက်ခံရတာ ဟုတ်ပါတယ်။ တစ်ယောက်မှ ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး”ဟု အဆိုပါတိုက်ခိုက်ခံရသည့် နေရာတွင် ရှိနေသူတစ်ဦးက MT News ကို ငြင်းဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *