၁၀. ၅. ၂၀၂၄
Written by Nay Moe

KIA လက်နက်ကိုင်တွေနဲ့ PDF တွေက လက်နက်ကြီးတွေ၊ ရှော့တိုက်ဒုံးတွေနဲ့ ဒရုန်းဗုံးချတိုက်ခိုက်လို့ မူလတန်းပြဆရာမတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး ၇ ဦး ဒဏ်ရာရမှု တောင်သာနဲ့ ဗန်းမော်မြို့နယ်တွေမှာ ဖြစ်ပွားခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်တွေက မေလ ၇ ရက် နံနက်ပိုင်းမှာ ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်းက ရပ်ကွက်၊ ကျေးရွာတွေကို KIA နဲ့ PDF ပူးပေါင်းအဖွဲ့က လက်နက်ကြီးတွေ၊ ရှော့တိုက်ဒုံးတွေနဲ့ပစ်ခတ်တိုက်ခိုက် ခဲ့လို့ ရပ်ကွက်၊ ကျေးရွာတွေအတွင်းကို လက်နက်ကြီးကျည်နဲ့ ရှော့တိုက်ဒုံးသီးတွေ ကျရောက် ပေါက်ကွဲခဲ့တာကြောင့် မိုးဖိန်းကျေးရွာနေ ဒေါ်ကျိန်းပန့် (၅၉)နှစ်၊ မံရွတ်ကျေးရွာနေသူတွေဖြစ်တဲ့ ဒေါ်စိုးစိုးနွယ်(၂၄)နှစ်၊ ဒေါ်ယုံ(၅၅)နှစ်၊ မဖြူဖြူဝေ(၂၄)နှစ်၊ ဦးဖိုးကို(၅၀)နှစ်၊ ဒေါ်ရင်မေ(၅၅)နှစ်၊ ရွှေကျီးနားရပ်ကွက်နေ ဦးကျော်စိန်(၆၉)နှစ်တို့မှာ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာတွေ ရရှိခဲ့သလို ရွှေကျီးနားရပ်ကွက်နေ ဒေါ်လှိုင်(၅၀)နှစ်မှာ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာတွေရရှိ သေဆုံးသွားခဲ့လို့ သေဆုံး၊ ဒဏ်ရာရရှိသူတွေကို ဗန်းမော်မြို့နယ်ပြည်သူ့ဆေးရုံဆီ ပို့ဆောင်ကုသထားရှိတယ်လို့ သိရပါတယ်။

အလားတူ ည ၆ နာရီမှာ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ မကြီးပင်တဲကျေးရွာကို PDF အဖွဲ့က Drone ယာဉ်အသုံးပြုပြီး Drop Bomb ပစ်ချတိုက်ခိုက်ခဲ့လို့ ကျေးရွာအတွင်းကို Drop Bomb တစ်လုံးကျရောက်ပေါက်ကွဲခဲ့တာကြောင့် အဆိုပါကျေးရွာနေ မကြီးပင်တဲကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲက လက်ထောက် မူလတန်းပြဆရာမ ဒေါ်အိအိ(၂၈)နှစ်ဟာ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများစွာရရှိကာ သေဆုံးသွားခဲ့တာလို့ သိရပါတယ်။

မနေ့က မေလ ၉ ရက်နေ့ကလည်း PDF တွေက ပျုစောထီးရွာလို့ သတ်မှတ်ထားတဲ့ မြင်းခြံမြို့နယ် ဆုံရွာကို မြင်းခြံခရိုင်တပ်ရင်း- ၉ MBT တပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း ၆ ၊ တပ်ခွဲ ၁ နောင်ရိုး ပြောက်ကြားတပ်ဖွဲ့၊ Bright Star Group (LPDF) ၊ Myingyan District Drone Strike အမှတ် ၁၈၄၈ ဒရုန်းတပ်ဖွဲ့၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ (Team -2)၊ CDSOM ၊ မန္တလေးခရိုင် တပ်ရင်း- ၅ နဲ့ အခြား PDF အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်လို့ အပြစ်မဲ့ပြည်သူ ၃၂ ဦးသေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရတဲ့အပြင် နေအိမ်အလုံး ၅၀ ကျော် မီးလောင်ခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *