၁၀. ၅. ၂၀၂၄
Written by Pan Ei

ထိုင်းနိုင်ငံမှာ အခုနှစ်အစကနေ မေလအထိ အပူဒဏ်ကြောင့် သေဆုံးသူ စုစုပေါင်း ၆၁ ဦးအထိ ရှိလာခဲ့ပြီး အဲ့ဒီအရေအတွက်ဟာ ၂၀၂၃ တစ်နှစ်လုံးထက် ပိုများနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက မေလ ၁၀ ရက်မှာ ပြောကြားခဲ့ပါတယ်။

မကြာသေးမီ ရက်သတ္တပတ်တွေအတွင်း ထိုင်းနိုင်ငံမှာ အထူးပူပြင်းတဲ့ အပူလှိုင်းတစ်ခု ဖြစ်ပွားခဲ့ပြီး အာဏာပိုင်တွေက နေ့စဥ်ပူပြင်းလောင်မြိုက်တဲ့ ရာသီဥတုနဲ့ ပတ်သက်ပြီး သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ၂၀၂၄ ခုနှစ် အစပိုင်းကစတင်ပြီး အပူဒဏ်ကြောင့် သေဆုံးသူ ၆၁ ဦးရှိခဲ့ပြီး ၂၀၂၃ ခုနှစ် တစ်နှစ်လုံးမှာ သေဆုံးခဲ့တဲ့ ၃၇ ဦးနဲ့ နှိုင်းယှဉ်ပါက ပိုများနေတာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မှာ ပြောကြားခဲ့သလို ထိုင်းနိုင်ငံရဲ့ စိုက်ပျိုးရေးနေရာဗဟိုချက်ဖြစ်တဲ့ အရှေ့မြောက်ဘက်မှာ သေဆုံးမှု အများဆုံးဖြစ်တယ်လို့ ဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။

သိပ္ပံပညာရှင်တွေက လူသားတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရာသီဥတုပြောင်းလဲမှုတွေဟာ ပိုမိုပြီး မကြာခဏဖြစ်ပွားတတ်သလို ကာလရှည်လျားတတ်ပြီး ပိုမိုပြင်းထန်တဲ့ အပူလှိုင်းတွေကိုလည်း ဖြစ်ပေါ်လာစေတတ်တယ်လို့ သတိပေးထားပါတယ်။

အယ်နီညိုဖြစ်စဉ်ဟာ အခုနှစ်အတွက် အထူးပူနွေးတဲ့ရာသီဥတုကို တွန်းအားပေးနေချိန် အာရှဟာလည်း ကမ္ဘာ့ပျမ်းမျှအပူချိန်ထက် ပိုမိုပူနွေးလာနေတယ်လို့ ကုလသမဂ္ဂကမ္ဘာ့မိုးလေဝသအဖွဲ့ကြီးရဲ့ပြောကြားချက်အရ သိရပါတယ်။

Ref; AFP

Leave a Reply

Your email address will not be published. Required fields are marked *