၁၀. ၅. ၂၀၂၄
Written by Nay Moe

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က တံငါ(တောင်)ကျေးရွာဘုန်းကြီးကျောင်းမှာ အထိုင်ချနေတဲ့ တပ်စခန်းငယ်ကို ဒီမနက်ပိုင်းမှာ PDF တွေက စီးနင်းဝင်ရောက် တိုက်ခိုက်ခဲ့ချိန်မှာ တပ်မတော်အရာရှိ ဗိုလ်ကြီးတစ်ဦး အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် (၁၂) ဦး ရုပ်အလောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) – MDY-PDF က သတင်းထုတ်ပြန်လာပါတယ်။

ဒီနေ့ မေ ၁၀ ရက် မနက် ၅ နာရီခန့်မှာ မတ္တရာမြို့ မြောက်ဘက် နှစ်မိုင်ခန့်အကွာ၊ စဥ့်ကူးဘက်အထွက်လမ်းပေါ်က တံငါ(တောင်)ရွာ ဘုန်းကြီးကျောင်းထဲ အထိုင်ချနေတဲ့ စစ်စခန်းငယ်ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး မနက် ၅ နာရီ ၄၅ မိနစ်ခန့်မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့တာလို့ ဆိုပါတယ်။

ဒီ တိုက်ပွဲအတွင်း Jammer တစ်လက်၊ လက်နက်ခဲယမ်း အများအပြားနဲ့ ဗိုလ်ကြီးတစ်ဦး အပါအဝင် အလောင်း (၁၂)လောင်း သိမ်းဆည်းရမိခဲ့သလို ထွက်ပြေးသူတွေလည်းရှိပြီး အဲ့ဒီ တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တပ်ဖွဲ့ဝင် တစ်ဦးလည်း သေတယ်လို့ ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *