၁၀. ၅. ၂၀၂၄
Written by Nay Moe

အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ငန်းတွေ လည်ပတ်နေတယ်လို့ သံသယ၊ စွပ်စွဲခံနေရတဲ့ KNU ထိန်းချုပ်နယ်မြေ လေးကေ့ကော်နဲ့ BGF ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုလ်ကို ထိုင်းအစိုးရက အင်တာနက်နဲ့ လျှပ်စစ်မီးကို မနေ့ကဖြတ်တောက်လိုက်တယ်လို့ ထိုင်းသတင်းဌာနတွေက သိရပါတယ်။

ဒီမြို့သစ်တွေ၊ လွတ်မြောက်နယ်မြေခေါ်ဆိုတဲ့ လေးကေ့ကော်နေရာတွေအတွက် လျှပ်စစ်မီးနဲ့ အင်တာနက်ကို ထိုင်းနိုင်ငံက တရားမဝင်ရောင်းချပေးနေတာဖြစ်သလို လက်ရှိမှာ မြ၀တီနယ်တစ်ဝိုက်က ကျားဖြန့်လုပ်ငန်းတွေကို တိုက်ခိုက်ချေမှုန်းဖို့ အမေရိကန်အပါအဝင် ကမ္ဘာက အာရုံစိုက်မှုအပြင် KNU နဲ့ PDF တွေကပါ မြို့သိမ်းဖို့ ကြိုးပမ်းခဲ့ပြီး မအောင်မြင်ဘဲ ဆုတ်ခွာထွက်ပြေးရချိန်မှာတော့ အမေရိကန် USIP အဖွဲ့အစည်းက BGF တွေ ထိန်းချုပ်ရာ ရွှေကုက္ကိုလ်နဲ့ ဗိုလ်မှူးကြီးစောချစ်သူကို အဓိက စွပ်စွဲခဲ့တာပါ။ ဒါကြောင့်လည်း ထိုင်းနိုင်ငံက KNU ထိန်းချုပ်နယ်မြေ လေးကေ့ကော်နဲ့ BGF ထိန်းချုပ်နယ်မြေ ရွှေကုက္ကိုလ်ကို လျှပ်စစ်နဲ့ အင်တာနက် ဖြတ်တောက်လိုက်တာပါ။

“မြဝတီဒေသတစ်ဝိုက်က ကျားဖြန့်လုပ်ငန်းတွေအတွက် အင်တာနက်လိုင်းနဲ့ လျှပ်စစ်မီးဟာ ထိုင်းနိုင်ငံဘက်က တရားမဝင် ဝယ်ယူသုံးစွဲနေတာကြောင့် ထိုင်းအစိုးရကလည်း မေလ ၉ ရက်နေ့ကစပြီး ထိုင်းဘုရင့် တပ်မတော် ခြေလျှင်တပ်ရင်း အမှတ် (၃၅)က နရဲစွမ်းးအထူးတပ်ဖွဲ့နဲ့ နယ်စပ်လုံခြုံရေးအထူးရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ မြောက်ပိုင်းနယ် (ရွှေကုက္ကိုလ်) (သထရန်၊ ဘန့်ဝရမ်ဖ၊ မယ်ရမတ်)နဲ့ မြဝတီတောင်ပိုင်းနယ် (လေးကေ့ကော်) (သာဆောင်ရမ်၊ မယ်ကု) သောင်ရင်းမြစ် အနောက်ဘက်ကမ်းကို တရားမဝင်သွယ်သန်းထားတဲ့ အင်တာနက်လိုင်းတွေနဲ့ လျှပ်စစ်လိုင်းတွေကို မေလ (၉)ရက်နေ့မနက်ပိုင်းမှာ အထူးစစ်ဆင်ရေးတစ်ရပ်အနေနဲ့ လမ်းကြောင်းအတိုင်းသွယ်သန်းထားတဲ့ ကေဘယ်ကြိုးတွေကို ဖျက်စီးခဲ့ကြောင်း မဲဆောက်မြို့တော်ဝန်ထံမှ သိရပါတယ်”လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ မဟာဗျူဟာလေ့လာရေးမှတ်တမ်းဌာနက ထွန်းထွန်း(အရေးတော်ပုံတပ်သား)က မှတ်တမ်းတင်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)နဲ့ အွန်လိုင်း လောင်းကစားလုပ်ငန်း လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားအားလုံး အောက်တိုဘာလ နောက်ဆုံးထားထွက်ခွာဖို့ ကရင်နယ်ခြားစောင့်တပ် (BGF) က မေလ တစ်ရက်မှာ ထုတ်ပြန်ခဲ့ပြီး သတ်မှတ်ရက်အတွင်း မထွက်ခွာရင် သက်ဆိုင်ရာသံရုံးတွေမှာ ဖမ်းဆီးအပ်နှံမယ်လို့ သတိပေးခဲ့သလို BGF က ဗိုလ်မှုးနိုင်မောင်ဇော်ကလည်း ဒီလိုအချိန်ပေးထားတာက လုပ်ငန်းဆက်လုပ်ဖို့မဟုတ်ဘဲ လုပ်ငန်းဖျက်သိမ်းပြီး ကိုယ့်နိုင်ငံ၊ ကိုယ့်ဌာနေ ပြန်ကြဖို့ လုပ်ထားတာလို့ MT News ကို ပြောထားပါတယ်။

ပုံစာ။ မြန်မာဘက်ခြမ်းသို့ တရားမဝင်သွယ်တန်းထားသော လျှပ်စစ်နှင့် အင်တာနက်လိုင်းများကို ထိုင်းအာဏာပိုင်များ ရှင်းလင်းဖယ်ရှားမှုမြင်ကွင်း (Ref & Photo AEC อาเซียน News)

Leave a Reply

Your email address will not be published. Required fields are marked *

Related News