၉. ၅. ၂၀၂၄
Written by Nyein Kyaw

စပါးစိုက်တောင်သူများ ဝင်ငွေတိုးတက်ရရှိစေရန် ပဲခူးတိုင်းဒေသကြီး၊ ရေနီမြို့ရှိ စက္ကူစက်ရုံ(ရေနီ)၏ ဓာတ်ခွဲခန်းသုံးပစ္စည်းများကို အသုံးပြု၍ ကောက်ရိုးမှ ပျော့ဖတ်ထုတ်လုပ်သည့် လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်လျက်ရှိကြောင်း စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက မေလ ၈ ရက်တွင် စက္ကူစက်ရုံ(‌ရေနီ)သို့ သွားရောက် ကြည့်ရှုစစ်ဆေးစဉ် ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စပါးစိုက်ပျိုးသည့် တောင်သူများ ဝင်ငွေတိုးတက်စေရေး၊ ဒေသခံများ အလုပ်အကိုင်ရရှိစေရေးအတွက် ကောက်ရိုးမှ ပျော့ဖတ်များ ထုတ်လုပ်ရန် လမ်းညွှန်မှုပြုထားကြောင်း၊ ထို့ကြောင့် စက္ကူစက်ရုံ(ရေနီ)ရှိ ဓာတ်ခွဲခန်းသုံး ပစ္စည်းများကို အသုံးပြု၍ ကောက်ရိုးမှ ပျော့ဖတ်ထုတ်လုပ်သည့်လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။

ယခုစမ်းသပ်ဆောင်ရွက်နေသည့် ကောက်ရိုးမှ ပျော့ဖတ်ထုတ်လုပ်သည့် လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ပါက တောင်သူများ၊ MSME လုပ်ငန်းရှင်များအတွက် ပျော့ဖတ်ထုတ်လုပ်သည့်စက်များ ထုတ်လုပ်ပေးနိုင်ရေး စက်ပစ္စည်းများ၏ ဒီဇိုင်းပုံစံများကို ကြိုတင်ရေးဆွဲထားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

တာဝန်ရှိသူများအနေဖြင့် ကောက်ရိုးမှ ပျော့ဖတ်ထုတ်လုပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်ချက်များရှိပါက အပြည့်အဝဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ ကောက်ရိုးမှ ထုတ်လုပ်ထားရှိသည့် ပျော့ဖတ်များဖြင့် စက္ကူများစမ်းသပ်ထုတ်လုပ်နိုင်ရေးအတွက် အသေးစားစက္ကူထုတ်စက်ဖြင့် အမြန်ဆုံးထုတ်လုပ်ပြသရန် ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *