၉. ၅. ၂၀၂၄
Written by Pan Ei

မလေးရှားနိုင်ငံ ကွာလာနာရန်မြို့အနီးက မလေးရှား-ထိုင်းနယ်စပ်မှာ အထောက်အထားမဲ့ မြန်မာနိုင်ငံသား လေးဦးကို မနေ့က ဖမ်းဆီးခဲ့တယ်လို့ အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။

မနေ့က နံနက် ၆ နာရီမှာ မလေးရှား-ထိုင်းနယ်စပ်က ရော်ဘာခြံအနီးရှိ တဲအိမ်တစ်ခုအတွင်း ကင်းလှည့်တပ်ဖွဲ့တွေက သံသယဖြစ်ဖွယ်လူတစ်စုကို ရှာဖွေတွေ့ရှိပြီးနောက် ထိန်းသိမ်းခဲ့ကြောင်း မလေးရှား အမှတ်(၂) ခြေမြန်တပ်မဟာ(၂)ဌာနချုပ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး စစ်ဆေးချက်အရ အသက် ၂ နှစ်ကနေ ၄၉ နှစ်ကြားအရွယ် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦးနဲ့ မိန်းကလေးငယ်တစ်ဦးတို့ဟာ နယ်စပ်က တရားမဝင်လမ်းကြောင်းကတစ်ဆင့် မလေးရှားနိုင်ငံကို ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြတဲ့ အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဖမ်းဆီးမိသူတွေဆီကနေ လက်ကိုင်ဖုန်း ၃ လုံး၊ ကလေးအဝတ်အစားတွေ၊ ဓာတ်မီး ၂ လုံးနဲ့ ခန့်မှန်းခြေ စုစုပေါင်း ရင်းဂစ်ငွေတန်ဖိုး ၁,၆၅၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း အာဏာပိုင်တွေက ဆက်လက်ပြောကြားခဲ့ပါတယ်။

အဲ့ဒီနောက် အထောက်အထားမဲ့ မြန်မာနိုင်ငံသားတွေကို ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့သိရပြီး ကင်းလှည့်တပ်ဖွဲ့ဝင်တွေဟာ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှု ကျူးလွန်ခြင်းတွေကို နှိမ်နင်းပြီး နိုင်ငံရဲ့နယ်စပ်လုံခြုံရေးကို ဆက်လက် ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့လည်း ဆက်လက်ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အခုနှစ် ဇန်နဝါရီလကနေ မတ်လအထိ စစ်ဆင်ရေးတွေအတွင်း မလေးရှား-ထိုင်းနယ်စပ်ကနေ ခိုးဝင်လာတဲ့ အထောက်အထားမဲ့နိုင်ငံခြားသား ၃၇၉ ဦးကို အထွေထွေစစ်ဆင်ရေးတပ်ဖွဲ့ (GOF) က ဖမ်းဆီးထိန်းသိမ်းခဲ့ရာ ဖမ်းဆီးခံရသူတွေထဲ မြန်မာနိုင်ငံသားတွေအများဆုံးပါဝင်ခဲ့တယ်လို့လည်း ဧပြီလ အစောပိုင်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

Ref; New Straits Times

Leave a Reply

Your email address will not be published. Required fields are marked *

Related News