၉. ၅. ၂၀၂၄
Written by Pan Ei

အခုသီတင်းပတ်အစောပိုင်းမှာ အင်ဒိုနီးရှားမီဒီယာတွေက အတိုကောက်အနေနဲ့ AK လို့ ဖော်ပြထားတဲ့ အသက် ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးရဲ့ထူးဆန်းတဲ့ဖြစ်ရပ်ကို ဖော်ပြခဲ့ပြီး နိုင်ငံအတွင်း လူပြောများနေခဲ့ကာ အဲ့ဒီအဖြစ်အပျက်ကတော့ မင်္ဂလာဆောင်ပြီး ၁၂ ရက်ကြာမှ ယူထားတဲ့ ဇနီးသည်က မိန်းမအသွင်ဆောင်ထားတဲ့ အမျိုးသားတစ်ဦးဖြစ်နေတယ်ဆိုတာကို သိလိုက်ရတာပဲဖြစ်ပါတယ်။

အဲဒီအမျိုးသားဟာ သူ့ရဲ့သတို့သမီးလောင်းကို အင်တာနက်မှာ တွေ့ဆုံခဲ့ပြီး အပြင်မှာ တွေ့ဆုံဖို့ချိန်းခဲ့ချိန်မှာတော့ Hijab ဝတ်ဆင်ထားတဲ့ သူမကို စစမြင်ကတည်းက ချစ်မိခဲ့ပြီး လက်ထပ်ဖို့စီစဉ်ခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အစောပိုင်းကတည်းက သူမမှာ ထူးဆန်းတဲ့လက္ခဏာတွေရှိခဲ့တယ်လို့ အမျိုးသားက ဝန်ခံခဲ့ပေမဲ့ သူမကို ရုပ်ဖျက်ထားတဲ့ အမျိုးသားတစ်ဦးဖြစ်နေလိမ့်မယ်လို့တော့ ဘယ်သောအခါကမှ သံသယမ၀င်ခဲ့ဘူးလို့ ဆိုပါတယ်။

သူ့ကိုယ်သူ Adinda Kanza Azzahra အဖြစ် မိတ်ဆက်ခဲ့တဲ့ အမျိုးသမီးဟာ သူမရဲ့အမေ ဆုံးပါးသွားခဲ့ပြီး အဖေဖြစ်သူကိုလည်း မတွေ့ရတာကြာပြီဖြစ်ကာ လက်ထပ်ပွဲကို ဖိတ်ဖို့ ဆွေမျိုးတွေလည်း မရှိခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။

အဲ့ဒါကြောင့် နောက်ဆုံးမှာ AK ရဲ့နေအိမ်မှာပဲ သူတို့ နှစ်ဦးသား ထိမ်းမြားလက်ထပ်ခဲ့ပြီး မင်္ဂလာခန်းဝင်ပစ္စည်းအဖြစ် ရွှေ ၅ ကျပ်သား ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ Adinda ဟာ အိမ်ထောင်ကျပြီးသည့်တိုင် သူမရဲ့ခင်ပွန်းအသစ်ကို မျက်နှာတောင်မပြဘဲ အမြဲဖုံးကွယ်ထားကာ သူ့အိမ်နဲ့ ရွာက မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံ၊ အဆက်အဆံလုပ်ဖို့ကိုလည်း ငြင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

AK က အခုလို သူ့ဇနီးရဲ့ အပြုအမူတွေကို ပြောကြားချက်တွေအရ AK ရဲ့ မိသားစုက သိရှိပြီးနောက် သူ့ဇနီးသစ်ရဲ့ မိသားစုကို စုံစမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီနောက် သူမရဲ့ဖခင်ဖြစ်သူကိုလည်း စုံစမ်းဖော်ထုတ်နိုင်ခဲ့ပြီး ဇနီးဖြစ်သူမှာ ESH (အမည်အတိုကောက်) ဆိုသူ အမျိုးသားဖြစ်နေတယ်ဆိုတာ သိရှိခဲ့ရပါတယ်။ AK ရဲ့ မိသားစုက AK ကို သူ့ဇနီးသစ်အကြောင်း အမှန်အတိုင်း ပြောပြခဲ့ပြီး လှည့်စားခံရမှုကြောင့် ရှက်ရွံ့ခဲ့ရပေမဲ့ ရဲကို အကြောင်းကြားဖို့ သဘောတူခဲ့ကြပါတယ်။

“ESH က သားကောင်ဆီကနေ ပိုက်ဆံလိုချင်တာကြောင့်လို့ ဝန်ခံခဲ့ပြီး သူဟာ ပိုက်ဆံတောင်းတိုင်း ရရှိခဲ့တယ်” လို့လည်း ရဲတပ်ဖွဲ့ဝင်တွေက ပြောကြားခဲ့ပါတယ်။ အခုအခါ ပြစ်မှုကျူးလွန်သူကို ရာဇသတ်ကြီးပုဒ်မ ၃၇၈ နဲ့ အမှုဖွင့်အရေးယူထားပြီး ထောင်ဒဏ် လေးနှစ်အထိ ကျခံရဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

ESH ရဲ့ လှည့်စားမှုမှာ အသက် ၂၆ နှစ်အရွယ် အမျိုးသားဟာ ဘယ်လိုမျိုး မျောပါသွားခဲ့လဲဆိုတဲ့အပေါ်တော့ စုံစမ်းစစ်ဆေးရေးအဖွဲ့က တာဝန်ရှိသူက “အထူးသဖြင့် ESH ဟာ မိတ်ကပ်လိမ်းတဲ့အခါ တကယ့်ကို မိန်းမနဲ့တူတယ်” လို့ ပြောကြားခဲ့သလို “မင်္ဂလာဆောင်ဓာတ်ပုံတွေကိုကြည့်ရင် သူ့ကို တကယ့် မိန်းမတစ်ယောက်လို့ မြင်နိုင်ပါတယ်။ ပြီးတော့ သူ့အသံကလည်း မိန်းမတစ်ယောက်လို ခပ်တိုးတိုးလေး” လို့ ပြောကြားခဲ့ပါတယ်။

Ref; Oddity Central

Leave a Reply

Your email address will not be published. Required fields are marked *