၁၆. ၁၂. ၂၀၂၂
MT News Editorial

ဗြိတိသျှတို့ ကျွန်ပြုစဥ် မြန့်မာ့ဘုရင်အား ကြက်တစ်ကောင်၊ ငှက်တစ်ကောင်ဖမ်းသလို အလွယ်တကူ ဖမ်းခဲ့သော်ငြား ထိုသို့ဖမ်းသွားပြီးမှ မိုးလွန်ထွန်ချသည့် ဗမာများက ဗြိတိသျှတို့ကို ထချတော်လှန်ချေရာ ဟိုမှဒီမှ ထကြွသူများအား ဆယ်စုနှစ်သုံးလေးစုခန့်ကြာအောင် နယ်ချဲ့တို့ နှိမ်နင်းခဲ့ရသည်ဆိုသည်ကို မအ အောင် သမိုင်းလေ့လာခဲ့သူများ သိရှိကြပေမည်။

နှစ်ရှည်နှိမ်နင်းခဲ့ရသည့်အခိုက်အတန့်ဝယ် ဗြိတိသျှတို့မှာလည်း ဗမာ့ပြောက်ကျားတပ်ငယ်များ၏ အလစ်အငိုက်သတ်ဖြတ်မှုကြောင့် ယူနီဖောင်းဖြင့် ထင်းနေသော ဗြိတိသျှစစ်သားများ သေဆုံးမှုများသော်ငြား မြန်မာများ၏ စုစည်းမှုအားနည်းသော စိတ်ဓာတ်ကြောင့်ပင် သူတစ်လူ ငါတစ်မင်း နည်းနည်းချင်းသာ တော်လှန်နိုင်ရာ စိုးရိမ်ရသော အစုအဖွဲ့အဆင့်ရောက်မလာဘဲ ပျက်သုဥ်းခြင်းသာ ကြုံလေကာ သူ့ကျွန်ဘဝဖြင့် နှစ်ရာချီ ကြာခဲ့ရပေသည်။

သူရဲကောင်းကို မျှော်တတ်သော၊ တစ်ဦးတစ်ယောက်ကို အလွန်အကျွံအားကိုးတတ်သော၊ အစုအဖွဲ့ဖြင့် လုပ်ကိုင်တတ်မှုမရှိသော မြန်မာလူမျိုးများ၏ သူရဲကောင်းမျှော်စိတ်ဓာတ်မှာ ယနေ့ခေတ်အထိ အမြစ်တွယ်လာချေရာ ကမ္ဘာ့နိုင်ငံများကပင် တစ်ဦးတစ်ယောက်ချင်းသာ အရည်အချင်းပြတတ်ပြီး အုပ်စုဖွဲ့လုပ်ကိုင်ရပါက ယောင်ချာချာခွဲထွက်ကာ ကမောက်ကမဖြစ်စဥ်များသာ ဖန်တီးတတ်သော မြန်မာလုပ်သားများအား လုပ်သားဝေစုပေးမှု နည်းပါးလာသည်ကိုလည်း မကြာခဏ ကြားသိရပြန်ပေသည်။

သူရဲကောင်းမျှော်တတ်သော ကျွန်ုပ်တို့လူမျိုးများ၏ စိတ်ကြောင့်ပင် တစ်ဦးတစ်ယောက်ချင်းစီကလည်း သူရဲကောင်းဖြစ်ရေးသာ ကြိုးပမ်းကြရာ မြန်မာလူမျိုးများမှာ သုံးယောက်ရှိပါက နှစ်ဖွဲ့ကွဲသည်ဟု လှောင်ရယ်မှုပြုကြသည်ကိုလည်း တွေ့မြင်ရပြန်ပေသည်။

မြန်မာလူမျိုးများသည် အုပ်စု(Group) နှင့် အသင်းအဖွဲ့ (Teamwork) ခွဲခြားနိုင်သောအသိ အလွန်အားနည်းပေသည်။ မြန်မာလို အသင်းအဖွဲ့ အင်္ဂလိပ်လို Teamwork ဟု ဆိုရာတွင် STAR Team Model ဟု ဖွင့်ဆိုကြပြီး S မှာ Strength (စိတ်ဓာတ်ကြံ့ခိုင်မှု)၊ T မှာ Teamwork(ပူးပေါင်းဆောင်ရွက်ခြင်း)၊ A မှာ Alignment (ညှိနှိုင်းတိုင်ပင်ခြင်း) R မှာ Result (ရလဒ်) ဖြစ်ပေသည်။

ဥပမာဆိုပါက လူအများစုရှိနေသော လမ်းဝယ် အမျိုးသမီးငယ်တစ်ဦးအား ရိုက်နှက်လုယက်သည်ကို ထိုလူစုက ထိုင်ကြည့်နေပါက လူများသော်လည်း ခရီးမတွင်သည့် အုပ်စု(Group) ဟု သတ်မှတ်ရမည်ဖြစ်ပြီး အမျိုးသမီးငယ်လုယက်ခံနေရချိန်တွင် အဆိုပါ မတရားမှုကို လက်မခံဟုဆိုကာ အနီးဝန်းကျင်ရှိ လူအများက စုစည်းညီညွတ်စွာ ဖမ်းဆီးခြင်းမှာ အသင်းအဖွဲ့(Teamwork) ဖြစ်ပေသည်။

စည်းစနစ်ကျသော Teamwork တွင် အလုပ်အပေါ်လေးစားလိုက်နာသောကျင့်ဝတ်(Work Ethic)၊ အောင်မြင်ရမည်ဆိုသည့် အကောင်းမြင်မှု(Positivity)၊ ပူးပေါင်းပါဝင်သူတစ်ဦးချင်းမှ အောင်မြင်ရမည်ဆိုသည့် စိတ်ဓာတ်မြှင့်တင်မှု(Self Motivation)၊ မိမိ၏အသင်းအဖွဲ့မည်သို့ပိုကောင်းအောင်လုပ်ကြရမည်ဆိုသည့် အာရုံစိုက်မှု(Team Focused)၊ အသင်းအဖွဲ့အားနည်းချက် အားသာချက်များ ပိုကောင်းအောင် အမြဲတစေဆက်သွယ်နေမှု(Communication) များ အင်အားကောင်းရန် လိုအပ်မည်ဖြစ်ပေသည်။

ယနေ့ခေတ်နှင့် ပြဆိုရမည်ဆိုပါက လက်နက်ကိုင်သူတိုင်း ဘုရင်ဖြစ်ချင်သည့် EAOs များ၊ CRPH၊ NUG၊ MOD၊ PDF၊ ပကဖ၊ LPDF များသည်ကား အုပ်စုဖြစ်ပေသည်။ ထိုသူများသည် တစ်စုတစ်ဖွဲ့ဖြစ်သောအုပ်စု (Group) အဆင့်သာဖြစ်၍ အောင်မြင်မှုရရှိလိုပါက အသင်းအဖွဲ့(Teamwork) အင်အားအဖြစ် ပြောင်းလဲရမည်ဖြစ်ပေသည်။ ထိုသို့ ပြောင်းလဲနိုင်ခြင်းမရှိပါက Teamwork အဖြစ် အသင့်ရှိနှင့်ပြီးသော အစုအဖွဲ့၏ နှိမ်နင်းမှုကြုံရမည်မှာ ဧကန်မုချဖြစ်ကာ ဗြိတိသျှတို့က မြန်မာ့ဘုရင်ဖမ်းချိန် ရရာလက်နက်စွဲကိုင်တော်လှန်ကာ ပြောက်ကျားစနစ်အရ အလစ်အငိုက်တိုက်နိုင်သော်ငြား ဗမာ့တော်လှန်ရေးသမားများ ကျရှုံးသကဲ့သို့ ကျရှုံးမှု ဖြစ်နိုင်ပေသည်။

အဆိုပါ ဥပမာမှာ အများမြင်သာအောင် နှစ် ၂၀၀ ကျော်အကွာဖြစ်စဥ်အား MT News သတင်းဌာနက ချိန်ဆပြလိုခြင်းသာဖြစ်ပေသည်။ သို့သော် မြန်မာနိုင်ငံသားများ ကမ္ဘာအား ရင်ပေါင်တန်းလိုပါကမူ သူရဲကောင်းမျှော်သောစိတ်ဓာတ်များ၊ တစ်ဦးတစ်ယောက်ကောင်းစွမ်းရည်များသာ ပြနိုင်သောအခြေအနေမှ အသင်းအဖွဲ့ဖြင့်ပါ အစွမ်းပြနိုင်သူများဖြစ်အောင် သင်ရိုးများ၊ စိတ်ဓာတ်များ၊ ခံယူချက်များ စတင်ပြောင်းလဲသင့်ချိန် တန်ပြီဖြစ်ပါကြောင်းလည်း MT News သတင်းဌာနက တိုက်တွန်းလိုပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *