၆. ၅. ၂၀၂၄
Written by Ye Kyaw

နိုင်ငံခြားငွေဈေးကွက်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရန်အတွက် Money Changer များကို ရှောင်တခင်ဝင်ရောက် စစ်ဆေးလျက်ရှိပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါအချက်များကို လိုက်နာမှုမရှိသည့် Money Changer နှစ်ခုအား မေ ၅ ရက်တွင် ထပ်မံအရေးယူခဲ့၍ နှစ်လအတွင်း Money Changer ၅၀ ခုအထိ အရေးယူထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်းကမ်းနှင့် ညွှန်ကြားချက်များကို လိုက်နာမှုမရှိသည့် Money King Co., Ltd နှင့် Wakhema Trading Co., Ltd တို့၏ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင် (Money Changer License) အား မေလ ၃ ရက်မှစတင်၍ ခြောက်လဆိုင်းငံ့လိုက်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဧပြီ ၁၁ ရက်တွင် စည်းမျဉ်း၊ စည်းကမ်းနှင့် ညွှန်ကြားချက်များကို လိုက်နာမှုရှိသည့် Money Changer ၁၈ ခုအား လိုင်စင် ခြောက်လဆိုင်းငံ့ခြင်းနှင့် Money Changer တစ်ခုအား လိုင်စင်အား ရုပ်သိမ်းခဲ့သဖြင့် တစ်ရက်တည်း Money Changer စုစုပေါင်း ၁၉ ခုအထိကို အ‌ရေးယူခဲ့ခြင်းလည်းဖြစ်သည်။

ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီက ဦးဆောင်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများပါဝင်သော ပူးပေါင်းအဖွဲ့က မတ်လ ၆ ရက်မှစတင်၍ ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ရေးလုပ်ငန်းလုပ်ကိုင်သူများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဥပဒေပါအချက်များ လိုက်နာမှုမရှိသည်ကို စိစစ်တွေ့ရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၅ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းလိုင်စင်အား ယာယီဆိုင်းငံ့ခြင်းနှင့် အပြီးရုပ်သိမ်းခြင်းတို့ဖြင့် အရေးယူဆောင်ရွက်နေခြင်းဖြစ်သည်။

ထို့သို့ ဆောင်ရွက်ခဲ့ရာ မေလ ၅ ရက်အထိ နှစ်လအတွင်း နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါ အချက်များကို လိုက်နာခြင်းမရှိသည့် Money Changer (၁၈) ခုအား လိုင်စင်ရုပ်သိမ်းခြင်း၊ Money Changer (၅) ခုအား လိုင်စင်သုံးလဆိုင်းငံ့ခြင်းနှင့် Money Changer (၂၇) ခုအား လိုင်စင်ခြောက်လဆိုင်းငံ့ခြင်း စသည်ဖြင့် စုစုပေါင်း Money Changer (၂၈) ခုအား အရေးယူဆောင်ရွက်ထားပြီးဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားငွေကြေးဈေးကွက်တည်ငြိမ်စွာဖြင့် ဖွံ့ဖြိုးစေရန်နှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရန် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များနှင့် ဘဏ်များပါဝင်သော Online Trading Market ကို ဖော်ဆောင်ပေးနေသကဲ့သို့ ပြည်ပသို့သွားရောက်သူများအတွက် လိုအပ်သော အသေးသုံးနိုင်ငံခြားငွေကြေးများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်မှုဖြင့် နိုင်ငံခြားငွေ ဝယ်ယူရောင်းချလဲလှယ်ပေးသော ငွေလဲကောင်တာများတွင် ရောင်းချလျက်ရှိသည်။

ယင်းကဲ့သို့ နိုင်ငံခြားငွေများ ထုတ်ရောင်းပေးခဲ့မှုကြောင့် ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဒေါ်လာဈေးနှုန်း တစ်ဒေါ်လာ ကျပ် ၃၅၀၀ သို့ ပြန်ကျဆင်းခဲ့သော်လည်း ‌ဒေါ်လာဈေးကစားသူများကြောင့် လက်ရှိအချိန်တွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများထက် ဒေါ်လာဈေးနှုန်း ကျော်လွန်မြင့်တက်ခဲ့ကာ ယနေ့တွင် တစ်ဒေါ်လာ ကျပ် ၃၉၆၀ (ကျပ် ၄၀၀၀ နီးပါး)အထိ မြင့်တက်နေသည်။

Leave a Reply

Your email address will not be published. Required fields are marked *