၆.၅.၂၀၂၄
Translated by Htwe Ko Tun

ဘရာဇီးလ်နိုင်ငံတောင်ပိုင်း ရီအိုဂရန်းဒိုဆူလ်ပြည်နယ်တွင် မေလ ၂ ရက်ကစ၍ ပြင်းထန်စွာရွာသွန်းခဲ့သော မိုးကြောင့်သေဆုံးသူဦးရေမှာ အနည်းဆုံး ၇၈ ဦးအထိ မြင့်တက်လာကြောင်းနှင့် ဒေသတွင်းနေထိုင်သူ ပြည်သူ ၁၁၅,၀၀၀ ဦးကျော်မှာလည်း နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ဒေသအာဏာပိုင်မျာက မေလ ၅ ရက်ညနေပိုင်းတွင် ပြောခဲ့ကြသည်။

ဘရာဇီးလ်သမ္မတ လူးဝစ်အီနာဆီယိုလူလာဒါ ဆီလ်ဗာမှာလည်း ရီအိုဂရန်းဒိုဆူလ်ပြည်နယ်သို့ မေလ ၅ ရက် နံနက်ပိုင်းတွင် အစိုးရအဖွဲ့ဝင်များနှင့်အတူရောက်ရှိလာကာ ကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ဒေသအာဏာပိုင်များနှင့် ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။

မိုးရွာသွန်းမှုနှင့်အတူ ဖြစ်ပေါ်လာသောရေကြီးမှုကြောင့် ပြည်နယ်တွင်းမြို့အများအပြားတွင် လမ်းနှင့် တံတားများပျက်စီးခဲ့ရသည်။ မြေပြိုမှုများလည်းဖြစ်ပေါ်ကာ ရေအားလျှပ်စစ်စက်ရုံတစ်ခုရှိရာ ဆည်တစ်ခုမှာ တစ်စိတ်တစ်ပိုင်း ပြိုကျပျက်စီးခဲ့ပြီး ငါးမီတာကျော်သည်အထိ ရေလွှမ်းမိုးမှုများဖြစ်ခဲ့သည်။

ရက်အနည်းငယ်အတွင်းမှာပင် မုန်တိုင်းနှင့်အတူ ဖြစ်ပေါ်လာသည့် ရေလွှမ်းမိုးမှုဒဏ်က ပြည်နယ်အတွင်း မြို့ ၅၀၀ ခန့်အနက် သုံးပုံနှစ်ပုံကို သက်ရောက်မှုရှိခဲ့သည်။ မေလ ၅ ရက် ညနေအထိ ပြည်သူ ၄၀၀,၀၀၀ ကျော်မှာ လျှပ်စစ်မီးပြတ်တောက်လျက်ရှိကြပြီး ပြည်နယ်လူဦးရေ၏ သုံးပုံတစ်ပုံမှာလည်း ရေပြတ်တောက်နေကြကြောင်း ဒေသအာဏာပိုင်များကပြောခဲ့သည်။

ရေလွှမ်းမိုးမှုကြောင့် ပျောက်ဆုံးနေသူမှာ မေလ ၅ ရက်အထိ အနည်းဆုံး ၁၀၅ ဦးရှိသောကြောင့် သေဆုံးသူဦးရေမှာလည်း ထပ်မံတိုးမြင့်လာနိုင်ကြောင်း ယူဆထားကြသည်။

Ref-Yahoo

Leave a Reply

Your email address will not be published. Required fields are marked *

Related News