၆. ၅. ၂၀၂၄
Written by Shwe Phyo

ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၏ အတင်းအဓမ္မလူသစ်စုဆောင်ခြင်းကို ရှောင်ရှားနိုင်ရန်အတွက် မြန်မာနိုင်ငံသား ၄၇ ဦးသည် ဧပြီ ၃၀ ရက်နေ့နှင့် မေလ ၁ ရက်နေ့တို့တွင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ရှိ ရိတ်တီဇောကျေးရွာသို့ ဝင်ရောက်ခိုလှုံနေထိုင်ခဲ့ကြောင်း အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။

မီဇိုရမ်ပြည်နယ်အတွင်းသို့ နေရပ်စွန့်ခွာဝင်ရောက်လာခဲ့သော မြန်မာနိုင်ငံသား ၄၇ ဦးတွင် အမျိုးသမီးများလည်းပါဝင်ခဲ့ပြီးချင်းပြည်နယ် ပလက်ဝမြို့မှ အိန္ဒိယဘက်ခြမ်းသို့ ထွက်ပြေးခိုလှုံလာခြင်းဖြစ်ကြောင်း သိရသည်။

အိန္ဒိယထောက်လှမ်းရေးအရင်းမြစ်များက AA အဖွဲ့၏ လူသစ်စုဆောင်းမှုများကြောင့် ပလက်ဝမြို့မှ အသက် ၃၀ နှစ် ဝန်းကျင်ရှိလူငယ်များသည် အိန္ဒိယပိုင်နက်အတွင်းသို့ ထွက်ပြေးခိုလှုံခဲ့ကြောင်း ပြောသည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောက်တလိုက်မြို့အာဏာပိုင်များသည် ချင်းပြည်နယ်၊ ပလက်ဝမြို့မှ အိန္ဒိယနိုင်ငံဘက်ခြမ်းသို့ နောက်ဆုံး ဝင်ရောက်လာခဲ့သော မြန်မာနိုင်ငံသား ၄၇ ဦးကို နိုင်ငံအတွင်း နေထိုင်ခွင့် ပေး မပေးဆိုသောအချက်ကို အတည်ပြုခြင်းမရှိသေးကြောင်း ပြောသည်။

AA အဖွဲ့သည် ပြီးခဲ့သော ဧပြီ ၁၉ ရက်နေ့က ပလက်ဝမြို့အတွင်းရှိ လူငယ်များကို လူသစ်စုဆောင်းမှုများ လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောသည်။ ဧပြီ ၂၉ ရက်နေ့အထိ အိန္ဒိယနိုင်ငံရှိ ပြည်နယ် ၁၁ ခုတွင် မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာတိမ်းရှောင်နေသူပေါင်း ၃၄၂၈၂ ဦးရှိနေကြောင်း အိန္ဒိယပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

အဆိုပါနေရပ်စွန့်ခွာသူများအနက်မှ ၁၈၃၄၄ ဦးသည် အိန္ဒိယနိုင်ငံရှိ ဒုက္ခသည်စခန်းများတွင်နေထိုင်ခြင်းမျိုးမရှိဘဲ အိန္ဒိယနိုင်ငံရှိ ၎င်းတို့ မိသားစုဝင်များ၊ ဆွေမျိုးများထံတွင် နေထိုင်ခိုလှုံနေရကြောင်း အိန္ဒိယသတင်းများတွင် ဖော်ပြထားသည်။

REF , timesofindia

Leave a Reply

Your email address will not be published. Required fields are marked *

Related News