၅. ၅ .၂၀၂၄
Written by Thiri

မင်းသားအပြောင်းအလဲကြောင့် မီဒီယာစာမျက်နှာထက် ဂယက်ထခဲ့တဲ့ အောင်မြတ်သာ ဇာတ်လမ်းတွဲရဲ့ အပိုင်းခြောက်ပိုင်းကို ရိုက်ကူးပြီးစီးပြီမို့ ကျန်အပိုင်းတွေကို ဆက်လက်ရိုက်ကူးတော့မှာ မဟုတ်ဘူး လို့ အကယ်ဒမီ ဒါရိုက်တာ ညိုမင်းလွင်က ဆိုပါတယ်။

အနုပညာကြေးမယူဘဲ မေတ္တာနဲ့ ရိုက်ကူးပေးတဲ့အဆိုပါ ဇာတ်လမ်းတွဲနဲ့ ပတ်သတ်လို့ ဒါရိုက်တာ ညိုမင်းလွင်က ပထမဆုံးအနေနဲ့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြလာတာပဲ ဖြစ်ပါတယ်။

“ဇာတ်လမ်းတွဲသည် ကျွန်တော် အနုပညာကြေးတစ်ပြားတစ်ချပ်မှမယူဘဲ ထုတ်လုပ်သူကိုဝင်းကြည်ကိုမေတ္တာဖြင့် ကူညီရိုက်ကူးပေးခဲ့ခြင်းဖြစ်ပါသည်။ မီဒီယာများတွင် တရားဝင်ပြောခဲ့သည့်အတိုင်း ယခင်သရုပ်ဆောင်များနုတ်ထွက်သွားပြီးနောက် ကိုဝင်းကြည်ဒါရိုက်တာအခက်အခဲတွေ့နေချိန်တွင် ခြောက်ပိုင်းတည်းသာ ဝင်ရောက်ရိုက်ကူးပေးခဲ့ခြင်းဖြစ်သည်။ ကျွန်တော်ကူညီပါမည်ဟု ကတိပေးထားသည့်အတိုင်း မည်သူက မည်သို့ပင်ပြောနေပါစေ၊ ကတိအပျက်မခံဘဲအားလုံးကိုလျစ်လျူရှူကာ ရိုက်ကူးခဲ့ပါသည်”လို့ ဒါရိုက်တာ ညိုမင်းလွင်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ အသိပေးတင်ပြထားပါတယ်။

အနုပညာ မှော်ဝင်စားမှု အားကောင်းပြီး ထိတ်လန့်ဖွယ်ဇာတ်ကားတွေမှာ ​ပြောင်မြောင်အောင် ဖန်တီးတတ်တဲ့ ဒါရိုက်တာညိုမင်းလွင်က “ဇာတ်လမ်းရိုက်ကူးရာမှာ ထူးထူးခြားခြား ကြုံရတဲ့ အခက်အခဲရယ် ပြောစရာရယ်လို့ မရှိပါဘူး။ ကျွန်တော်ကိုယ်တိုင်က အဲဒီလိုဂမ္ဘီရဝတ္ထုတွေဖတ်လည်းဖတ်တယ်။ ကြိုက်လည်းကြိုက်တဲ့အတွက်အဆင်ပြေပါတယ်”လို့ MT Entertainment က မေးမြန်းရာမှာ ပြန်လည်ဖြေကြားပါတယ်။

အခုအခါ မိတ်ဆွေကောင်းတစ်ယောက်အတွက်လိုအပ်တဲ့ အချိန်မှာ ဝင်ရောက်ကူညီခြင်းသာဖြစ်တာကြောင့် သူတာဝန်ယူပေးထားတဲ့ ဇာတ်လမ်းတွဲ ခြောက်ပိုင်းစာ ရိုက်ကူးရေး ပြီးဆုံးပြီမို့ အောင်မြတ်သာ ဇာတ်လမ်းတွဲကို ထပ်မံ ရိုက်ကူးတော့မှာ မဟုတ်ဘူးလို့လည်း အသိပေး ပြောပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *