၅. ၅. ၂၀၂၄
Written by Shwe Phyo

မြန်မာနိုင်ငံတွင် ဧပြီလအတွင်း အပူချိန်မြင့်မားမှုများကြောင့် မန္တလေးတိုင်းဒေသကြီး၌ လူ ၅၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူများထဲတွင် နဂိုနာတာရှည်ရောဂါအခံရှိသူ ၃၀ ဦးခန့်ပါဝင်ပြီး သေဆုံးသူအများစုသည် အသက် ၅၀ မှ ၉၀ အတွင်း ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအခြေစိုက် မဏီစလေ လူမှုကူညီရေးအသင်းက ပြောသည်။

မြန်မာနိုင်ငံတွင် ဧပြီလအတွင်း အပူချိန်မြင့်တက်ခြင်းများ သိသိသာသာ ဖြစ်ပွားခဲ့ပြီး မတ်လအတွင်း အပူနှင့်ဆက်စပ်သော ရောဂါများကြောင့် ဆေးရုံတက်ရသူဦးရေမှာ ရှစ်ဦးသာရှိသော်လည်း ဧပြီလတွင်မူအရေအတွက် ၅၀ ကျော်အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

ဧပြီလ ၂၈ ရက်က မန္တလေးမြို့သည် အပူချိန် ၄၄ ဒသမ ၈ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိခဲ့ပြီး ၇၇ နှစ်အတွင်း ဧပြီလ၏ အပူဆုံးနေ့ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် မုတ်သုံမိုးရာသီမတိုင်မီ အပူချိန်များ မြင့်တက်နေသဖြင့် ဧပြီလနှင့် မေလတို့သည် အပူဆုံးလများဖြစ်နေကြောင်း သိရသည်။ နိုင်ငံတကာမိုးလေဝသအဖွဲ့အစည်းတစ်ခုဖြစ်သော EI Dorado Weather က ထုတ်ပြန်သော အစီရင်ခံစာတွင် မြန်မာနိုင်ငံရှိ ချောက်မြို့က ကမ္ဘာ့အပူဆုံးမြို့တစ်မြို့အဖြစ် ရက်များစွာကြာ ရပ်တည်နေခဲ့ကြောင်း သိရသည်။

ချောက်မြို့၏ အပူချိန်သည် ဧပြီ ၂၈ ရက်က အပူချိန် ၄၈ ဒသမ ၂ ဒီဂရီစင်တီဂရိတ်ရှိခဲ့ပြီး နှစ်ပေါင်း ၅၆ နှစ်အတွင်း ဧပြီလ၏ အမြင့်ဆုံးအပူချိန် အဖြစ် စံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

REF, newsroomodisha

Leave a Reply

Your email address will not be published. Required fields are marked *