April 20, 2024

MT News

Written by Nay Moe

ထောင်သုံးနှစ်ချမှတ်ခံရသည့် ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် Mr. Sean Turnell အားငဲ့ညှာ၍ ပြန်လွှတ်ပေးကာ ပြည်နှင်ဒဏ်သာ ပေးစေလိုဟု ဇနီးဖြစ်သူ Dr. Ha Vu က စက်တင်ဘာ ၂၉ ရက်တွင် Mr.Sean Turnell နှင့် အမှုတွဲများအား ထောင်သုံးနှစ်စီကျခံစေရန် အမိန့်ချအပြီး အသနားခံ တောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးဖြစ်သူ Mr. Sean Turnell အား ၂၀၂၁ ဖေဖော်ဝါရီ ၆ ရက်မှ စတင်ဖမ်းဆီးကာ လ.ဝ.က အက်ဥပဒေ၊ မြန်မာနိုင်ငံအစိုးရလျှိဝှက်ချက်များအက်ဥပဒေပုဒ်မ ၃-၁(ဂ)တိုနှင့် တရားစွဲခဲ့ပြီး ယနေ့ ရုံးချိန်းတွင် လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မအတွက် အပြီးသတ်အမိန့်အဖြစ် ထောင်ဒဏ် ၃နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။ Mr. Sean Turnell နည်းတူ အမှုတွဲများဖြစ်သော ဒေါ်အောင်ဆန်းစုကြည် (နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း)၊ ဦးစိုးဝင်း(စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်း)၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီးဟောင်း)နှင့် ဦးကျော်ဝင်း(စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့အားလုံးကိုလည်း ထောင်ဒဏ် ၃ နှစ်စီချမှတ်လိုက်သည်ဟု သိရသည်။

အသက် ၈၅ နှစ် ရှိနေပြီဖြစ်သည့် Mr.Sean Turnell အား ဖမ်းဆီးချိန်မှစ၍ ပြန်လွှတ်ပေးရန် ဩစတြေးလျနိုင်ငံအစိုးရက မကြာခဏတောင်းဆိုခဲ့သော်လည်း လက်ရှိတွင် ထောင်သုံးနှစ်ချမှတ်ခံလိုက်ရသည်။ ထိုသို့ ထောင်ဒဏ်ချမှတ်မှုအပေါ် Dr. Ha Vu က Mr.Sean Turnell မှာ ထောင်အတွင်း တစ်နှစ်ခွဲကျော်နေခဲ့ပြီးဖြစ်သဖြင့် ငဲ့ညှာသောအားဖြင့် ပြန်လွှတ်ပေးကာ ပြည်နှင်ဒဏ်သာပေးစေလိုကြောင်း အသနားခံ တောင်းဆိုလိုက်သည်။

”အသက် (၈၅)နှစ်ရှိပြီဖြစ်တဲ့ ကျွန်မရဲ့အမျိုးသား Professor Sean Turnell အား ယနေ့တွင် ထောင်ဒဏ် (၃)နှစ် ပြစ်ဒဏ်ချမှတ်ခဲ့သည်ကို ကြားသိရသည့်အတွက် ကျွန်မနှင့် ကျွန်မတို့၏ သမီးလေးအပါအဝင် ကျွန်မတို့မိသားစုဝင်အားလုံးအတွက် ကြေကွဲဝမ်းနည်းဖွယ် ကောင်းလှပါသည်။ Sean သည် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အားသွန်ခွန်စိုက် မမောမပန်း အလုပ် လုပ်ပေးခဲ့ပြီး မြန်မာနိုင်ငံအား နှစ်ပေါင်း(၂၀) ကျော် ထောက်ခံအားပေးသူများထဲမှ တစ်ဦးအပါအဝင် ဖြစ်ပါသည်။ ကျွန်မအမျိုးသားသည် ယခုချမှတ်ခဲ့သည့် ပြစ်ဒဏ်၏ (၃)ပုံ (၂)ပုံခန့် အချုပ်ထောင်တွင် နေခဲ့ပြီးဖြစ်ပါသည်။ ကျေးဇူးပြု၍ ၄င်းအနေဖြင့် မြန်မာနိုင်ငံ အတွက်ဆောင်ရွက်ပေးခဲ့သည်များကို ငဲ့ညှာပြီး ပြည်နှင်ဒဏ်ပေးရန် တောင်းဆို အပ်ပါသည်” ဟု Dr. Ha Vu က တောင်းဆိုသည်။

Mr. Sean Turnell အား ၂၀၂၁ ဖေဖော်ဝါရီ ၆ ရက်တွင် SAC က ထိန်းသိမ်းခဲ့ပြီး ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်သည့် အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပါ ပုဒ်မ ၃ (၁) နှင့် စတင်တရားစွဲဆိုခဲ့ကာ ရန်ကုန် အင်းစိန်ထောင်မှ နေပြည်တော်အချုပ်ထောင်ကို ပြောင်းရွှေ့ချုပ်နှောင်၍ နေပြည်တော်အကျဉ်းထောင်အရောက်တွင် ထောင်ဒဏ် ၅ နှစ်အထိချမှတ်နိုင်သည့် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနှင့် ထပ်မံတရားစွဲဆိုခဲ့သည်။

၂၀၂၂ ခုနှစ် ဇွန်လအထိ ဒေါ်အောင်ဆန်းစုကြည်အား SAC စွဲဆိုခဲ့သည့်အမှုပေါင်း ၁၉ မှုရှိခဲ့ပြီး အမှု ၁၁ မှုအတွက် ကနဦး ထောင်ဒဏ် အနှစ်၂၀ ချမှတ်ထားပြီး ယခု Mr.Sean Turnell အမှုအပါအဝင် ထောင်ဒဏ် ၂၃ နှစ်ချမှတ်ခံထားရသော်လည်း တချို့သောအမှုများအား ပြစ်ဒဏ်လျှော့ချသက်ညှာပေးထားသည်။ လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရဟတ်ယာဉ်ဝယ်ယူမှုနှင့် ပတ်သက်သည့် အဂတိအမှု ၅ မှု၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် ပတ်သက်သည့် အဂတိအမှု ၂ မှု စုစုပေါင်း ၇ မှုအား ဆက်လက်ရင်ဆိုင်ရဦးမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *