၃၀. ၄. ၂၀၂၄
Written by Shwe Phyo

မလေးရှားနိုင်ငံက လူငယ်တစ်ဦးဟာ ငွေကြေးချမ်းသာပြည့်စုံတဲ့ မိသားစုက မွေးဖွားခဲ့သူတစ်ဦးမဟုတ်ပေမယ့် အသက် ၁၉ နှစ်အရွယ်မှာပဲ သန်းကြွယ်သူဌေးဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိ အသက် ၂၃ နှစ်အရွယ် မူနက်ချ်ရာဖ်မူနာဝါဟာ သန်းကြွယ်သူဌေးမဖြစ်ခင် ဘဝကို ခက်ခဲစွာရုန်းကန်ခဲ့ရပြီး ဈေးရောင်းချရင်း သန်းကြွယ်သူဌေးဖြစ်အောင် ကြိုးပမ်းခဲ့ရသူဖြစ်ပါတယ်။ မူနာဝါဟာ ကြိုးစားအားထုတ်သူတစ်ဦးဖြစ်တဲ့အတွက် အသက် ၁၉ နှစ်အရွယ်မှာ သန်းကြွယ်သူဌေးဖြစ်လာခဲ့ပြီး သန်းကြွယ်သူဌေးမဖြစ်ခင်က ကြောင်စာနဲ့ ဗီတာမင်တွေကို ရောင်းချခဲ့ရသူဖြစ်ပါတယ်။

မူနာဝါ အသက် ၁၅ နှစ်အရွယ်မှာ လူမှုကွန်ရက်ပေါ်ကနေ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အခြားသူတွေကို Sneaker ဖိနပ်တွေ ‌ရောင်းချပြီး ဈေးရောင်းချမှုကို စတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီဖိနပ်တွေကို တရုတ်နိုင်ငံက တင်သွင်းရောင်းချခဲ့ပြီး ဖိနပ်တစ်ရံကို စင်ကာပူဒေါ်လာ ၄ ဒေါ်လာအထိ အမြတ်ရခဲ့ပါတယ်။

မူနာဝါဟာ စာမေးပွဲဖြေဖို့ ကျောင်းမတက်ခင် အသက် ၁၇ နှစ်အရွယ်မှာ ဈေးရောင်းချနေခြင်းကို ယာယီအနားယူခဲ့ရပါတယ်။ ကျောင်းတက်နေချိန်မှာလည်း မူနာဝါဟာ ချောကလက်ဘူး၊ Cracker မုန့်၊ ချိစ်အရသာ အာလူးကြော်တွေရောင်းချတဲ့ တိုက်ရိုက်ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ ကိုယ်စားလှယ်နေရာအတွက် အခြားကုမ္ပဏီတွေမှာ အလုပ်ရှာဖွေရင်း Marketing and Sale ပိုင်းပညာတွေကို သင်ယူခဲ့ပါတယ်။

နောက်ပိုင်းမှာ မူနာဝါဟာ သူရဲ့ကြောင်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေရဲ့ကြောင်တွေအပေါ် ထိခိုက်စေတဲ့ ကျန်းမာရေးပြဿနာတွေနဲ့ ဆေးခန်းမှာကြောင်တွေကို ဆေးဝါးကုသဖို့ စောင့်ဆိုင်းနေတဲ့ လူအုပ်စုကို တွေ့မြင်ခဲ့ပြီးနောက်ပိုင်း ကုမ္ပဏီတည်ထောင်ခဲ့တယ်လို့ ဆိုပါတယ်။ သူဟာ အိမ်မွေးတိရစ္ဆာန်ဆေးဘက်ဆိုင်ရာကုမ္ပဏီဖြစ်တဲ့ BioVet Medical Malaysia (BioVet)ကို တည်ထောင်ခဲ့ပြီး ကြောင်စာမျိုးစုံနဲ့ ဗီတာမင်တွေကို ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ကုမ္ပဏီတည်ထောင်ပြီး ပထမဆုံးနှစ်မှာ BioVet ကုမ္ပဏီက စင်ကာပူဒေါ်လာ ၁ သန်း ရောင်းအားရှိခဲ့ရာကနေ အသက် ၁၉ နှစ်အရွယ်မှာ သန်းကြွယ်သူဌေးဖြစ်ခဲ့ကာ သူ့ရဲ့ကုမ္ပဏီက လက်ရှိမှာ စင်ကာပူဒေါ်လာ ၇ ဒသမ ၄ သန်းတန်ဖိုးရှိနေပြီး ဝန်ထမ်း ၂၀၀ ခန့်ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာ မူနာဝါဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းနဲ့ဈေးရောင်းချခြင်းကို လုပ်ကိုင်ခဲ့သလို အခြားတစ်ဖက်မှာလည်း ပညာရေးကိုကြိုးပမ်းခဲ့ရာ ဥပဒေဘွဲ့ယူဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

REF, mothership

Leave a Reply

Your email address will not be published. Required fields are marked *