၃၀.၄.၂၀၂၄
Translated by Htwe Ko Tun

ကမ္ဘာပေါ်မှာ စစ်အင်အားအကြီးဆုံးနိုင်ငံကြီးသုံးနိုင်ငံက ယနေ့အခါမှာဆိုရင် အချင်းချင်းထိပ်တိုက် ရင်ဆိုင်မတွေ့ကြတာတောင်မှ ကြားခံစစ်ပွဲတွေကို တစ်ဦးနဲ့တစ်ဦး အင်အားပြိုင်ဆိုင်နေကြတာကို ကမ္ဘာအနှံ့မှာပဲ တွေ့နိုင်မှာပါ။ ဒီထက်တစ်ဆင့်တက်လာပြန်တာကတော့ အခုဆိုရင် ဒီနိုင်ငံကြီးတွေက သူတို့ပိုင်ဒုံးပျံတွေကို အာကာသထဲ ပစ်လွှတ်တိုက်ခိုက်နိုင်ဖို့နဲ့ ဒီလိုတိုက်ခိုက်လာရင် ခုခံဖို့အတွက်တွေပါ ကြိုးစားလာကြတာကို တွေ့လာရပြန်ပါတယ်။

အမေရိကန်အာကာသတပ်ဖွဲ့က တကယ်လို့ ရုရှားနဲ့တရုတ်တို့က သူ့နိုင်ငံတပ်ဖွဲ့တွေအပေါ် အာကာသအတွင်းမှာ နျူးကလီးယားလက်နက်တွေနဲ့တိုက်ခိုက်လာရင် ကာကွယ်နိုင်ဖို့အတွက် မြေပြင်အခြေစိုက် စစ်ဆင်ရေးစနစ်တစ်ရပ်ကို ပထမဆုံးအကြိမ်စမ်းသပ်ခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်အာကာသတပ်ဖွဲ့ရဲ့ RMT လို့သိကြတဲ့ ဒီကိရိယာက အချက်ပြလက္ခဏာတွေနဲ့အတူ လေလှိုင်းတွေကိုအဆမတန်ပို့လွှတ်ပေးခြင်းဖြင့် ကမ္ဘာပတ်လမ်းကြောင်းအတွင်းလှည့်ပတ်နေတဲ့ ဂြိုဟ်တုတွေမှ မိမိတပ်ဖွဲ့ကိုတိုက်ခိုက်ရန် ထုတ်လွှင့်လာမှုတွေအား တန်ပြန်ချေဖျက်ပိတ်ဆို့နိုင်ဖို့ ရည်ရွယ်ပြီး ပုံစံထုတ်ရေးဆွဲထုတ်လုပ်ထားတာပါ။

ပင်မထိန်းချုပ် ကွန်ပျူတာစက်ကိရိယာကနေ ထိန်းချုပ်ဆောင်ရွက်မှာဖြစ်တဲ့ ဒီ RMT ကိရိယာက အကုန်အကျလည်းအရမ်းနည်းပြီး အဝေးမှထိန်းချုပ်ဆောင်ရွက်မှာဖြစ်လို့ သူ့ကို ထိန်းချုပ်ကိုင်တွယ်သူတွေမှာလည်း အန္တရာယ်ကင်းရှင်းမှာဖြစ်တယ်လို့ အမွှမ်းတင်ပြောကြားကြပါတယ်။ အာကာသတပ်ဖွဲ့က RMT ကိရိယာကို အခုရက်သတ္တပတ်အတွင်းမှာစမ်းသပ်ခဲ့တာဖြစ်တယ်လို့လည်းကြေညာခဲ့ပါတယ်။ ကုလသမဂ္ဂက အာကာသဟင်းလင်းပြင်အား အန္တရာယ်ရှိသောနျူးကလီးယားလက်နက်ပြိုင်ပွဲအတွက် အသုံးချခြင်းမပြုဖို့ ကမ္ဘာ့နိုင်ငံတွေကို တားဆီးဖို့ဆုံးဖြတ်ချက်ကို ရုရှားကပယ်ချပြီး တရုတ်ကလည်းမဲမပေးဘဲနေခဲ့အပြီးမှာတော့ အမေရိကန်ကလည်း အခုလို RMT ကိရိယာကို စတင်စမ်းသပ်လာတာပါ။

အမေရိကန်အာကာသတပ်ဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး ဂျန့် ဒါလ်မန်က “အခုစမ်းသပ်မှုက သူတို့တပ်ဖွဲ့ရဲ့ပိုမိုကောင်းမွန်တဲ့စွမ်းဆောင်နိုင်ရည်တွေ ပံ့ပိုးပေးနိုင်မှုကို ချပြခဲ့တာဖြစ်တယ်။တစ်ကမ္ဘာလုံးမှာရှိတဲ့ အာကာသတပ်ဖွဲ့ရဲ့ စခန်းတွေကို အာကာသမှ အီလက်ထရောနစ်နည်းပညာတွေနဲ့ စစ်ပွဲဆင်နွှဲလာမှုကို တုံ့ပြန်နိုင်ဖို့ ဒီနည်းပညာလက်နက်ကို ပံ့ပိုးပေးဖို့အတွက် ဖွင့်ဟစမ်းသပ်ပြခဲ့တာ”လို့ ဆိုပါတယ်။

တကယ်လို့ ကမ္ဘာပတ်လမ်းကြောင်းအတွင်းရှိ ရန်သူရဲ့ဂြိုဟ်တုတွေက မြေပြင်ပေါ်ရှိ အမေရိကန်တပ်ဖွဲ့တွေ ဒါမှမဟုတ် အဆောက်အအုံတွေကို ပစ်ခတ်ဖို့ချိန်ရွယ်လာပြီဆိုရင် တစ်ခု ဒါမှမဟုတ် ဒီထက်ပိုတဲ့ RMT ကိရိယာတွေက ဂြိုဟ်တုမှ ဒါမှမဟုတ် ဂြိုဟ်တုသို့ပို့တဲ့ အချက်ပြထုတ်လွှင့်မှုတွေကို ရှုပ်ထွေးပြီး ပုံမှန်မဟုတ် ပျက်ယွင်းစေဖို့ လျှပ်စစ်သံလိုက် အချက်ပြလှိုင်းသံစဉ်တွေ ထုတ်လွှင့်သွားမှာလို့ သိရပါတယ်။

နောက်ဆုံးအနေနဲ့တော့ RMT ကိရိယာလက်နက်တွေက ရန်သူရဲ့ဂြိုဟ်တုတွေကို လုံးဝအသုံးပြုနိုင်ခြင်းမရှိတော့ဖို့အတွက်လို့လည်း ဆိုပါတယ်။ RMT ကိရိယာတွေနဲ့ပတ်သက်လို့ အချက်တွေအများကြီးတော့ရှင်းလင်းပြောကြားခဲ့တာမဟုတ်ပါဘူး။ ဒါပေမယ့် အာကာသတပ်ဖွဲ့အနေနဲ့ RMT ကိရိယာတွေကို ဘယ်နေရာမှာမဆို တပ်ဖြန့်ချထားနိုင်တယ်လို့လည်း သိရပါတယ်။ အာကာသတပ်ဖွဲ့က RMT ကိရိယာလေးခုကို ၂၀၂၃ ခုနှစ် စက်တင်ဘာလမှာ ထုတ်လုပ်သူထံမှ စတင်ရရှိခဲ့ပြီးဖြစ်တယ်လို့လည်း ဆိုပါတယ်။

တစ်ဖက်မှာလည်း ရုရှားအနေနဲ့ အာကာသအတွင်းစစ်ပွဲဆင်နွှဲဖို့ လက်နက်တော်တော်များများ ပိုင်ဆိုင်ထားတာလို့ဆိုရမလိုပါပဲ။ ဂြိုဟ်တုဖျက်ဒုံးကျည်လက်နက်(ASAT) တွေဖြစ်တဲ့ ကမ္ဘာပတ်လမ်းကြောင်းအတွင်းရှိ ဂြိုဟ်တုတွေကို မြေပြင်မှတိုက်ရိုက်ပစ်ချနိုင်တဲ့ ဂြိုဟ်တုဖျက်ဒုံးကျည်တွေ၊ ကမ္ဘာပတ်လမ်းကြောင်းအတွင်း ဒုံးပျံတစ်စီးနဲ့သယ်ဆောင်ဖြန့်ချထားပြီး လမ်းကြောင်းအတွင်း ကမ္ဘာကိုလှည့်ပတ်နေကာ အခြားသော ရန်သူဂြိုဟ်တုတစ်စင်းကို ပစ်ခတ်တိုက်ခိုက်နိုင်မယ့် ကမ္ဘာပတ်လမ်းကြောင်းအတွင်းမှ ဂြိုဟ်တုဖျက်ဒုံးကျည်တွေ ရုရှားက ယူကရိန်းစစ်ပွဲမှာပါ အသုံးပြုခဲ့တယ်ဆိုကြတဲ့ အင်တာနက်ထုတ်လွှင့်တဲ့ Starlink satellites ဆက်သွယ်ရေး ဂြိုဟ်တုတွေကို ရုရှားက အာကာသအတွင်းစစ်လက်နက်တွေအဖြစ် ပိုင်ဆိုင်ထားတယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှာတော့ ရုရှားအနေနဲ့ ကမ္ဘာကြီးကမှီခိုအားထားနေရတဲ့ ဂြိုဟ်တုတွေကို ပစ်ချဖျက်ဆီးဖို့ နျူးကလီးယားလက်နက်တစ်ခုကို အာကာသအတွင်းတပ်ချထားဖို့ကြံစည်နေတယ်လို့ အမေရိကန်က ဆိုလာပြန်တယ်။ ဒါပေမယ့် အသေးစိတ်တော့ ပြောကြားခြင်းမရှိသေးပါဘူး။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းက တရုတ်က လူမပါတဲ့ထိပ်တန်းလျှို့ဝှက်အာကာသယာဉ်တစ်စီးကို လွှတ်တင်ခဲ့ပါတယ်။ ဒီအာကာသယာဉ်ကို အမေရိကန်အာကာသတပ်ဖွဲ့ကအာကာသယာဉ်တစ်စီးပစ်လွှတ်အပြီးမှာ တရုတ်ကလွှတ်တင်ခဲ့တာပါ။ တရုတ်အာကာသယာဉ်လွှတ်တင်အပြီးမှာတော့ အမေရိကန်အာကာသတပ်ဖွဲ့ရဲ့ ယာဉ်က နည်းပညာချွတ်ယွင်းမှုတွေကြောင့် မြေပြင်ကို ပြန်ဆင်းခဲ့ရပါတယ်။ ဒါပေမယ့်တရုတ်အာကာသယာဉ်ကတော့ ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲပျက်ကျခဲ့ရပြန်ပါတယ်။

အမေရိကန်တို့ကတော့ ဒါဟာ သာမန်တိုက်ဆိုင်မှုမဟုတ်ဘဲ တရုတ်တို့ရဲ့ အချိန်ကိုက်ဆောင်ရွက်မှုဖြစ်ကာ နောက်ကွယ်မှာ အကြောင်းရှိတယ်လို့ဆိုကြပါတယ်။ ဒါ့ပြင်တရုတ်နိုင်ငံအနေနဲ့ ဂြိုဟ်တုဖျက် ဒုံးကျည်လက်နက်(ASAT) တွေ ပိုင်ဆိုင်ရေးအတွက် စမ်းသပ်မှုတွေလုပ်ခဲ့ပါပြီ။

တကယ်လို့များ ရုရှားအနေနဲ့ နျူးကလီးယားလက်နက်တွေကို ကမ္ဘာပတ်လမ်းကြောင်းအတွင်း ချထားနိုင်ခဲ့တော့မယ်ဆိုရင် အမေရိကန်နဲ့ တခြားအနောက်အုပ်စုမဟာမိတ်တွေအတွက်စစ်ဘက်နဲ့အရပ်ဘက်ဆက်သွယ်ရေးတွေဆောင်ရွက်နေတဲ့ ဂြိုဟ်တုတွေကို ခြိမ်းခြောက်လာမှာပါ။ ကမ္ဘာမြေပြင်ပေါ်မှာ တော့ နျူးကလီးယားဗုံးဆိုတာ လူတွေအစုလိုက်အပြုံလိုက်သေကြေပျက်စီးကြမယ်လို့ သိကြပါတယ်။ အာကာသထဲမှာတော့ နျူးကလီးယားဗုံးပေါက်ကွဲမှုကြောင့် မြေပြင်မှာလိုပဲလျှပ်စစ်သံလိုက်လှိုင်း တုန်ခါ လှုပ်ရှားမှုတွေဖြစ်စေကာ ကမ္ဘာပတ်လမ်းကြောင်းအတွင်းမှ ဂြိုဟ်တုတွေ အပါအဝင် အီလက်ထရောနစ်ပစ္စည်းတွေရဲ့လုပ်ဆောင်မှု ထိခိုက်တာတွေကို ကြုံတွေ့ရစေမှာပါ။

အမေရိကန်အဖို့လည်း ဒီလိုတိုက်ခိုက်မှုသာခံခဲ့ရရင် အကြီးအကျယ်မသန်မစွမ်းဖြစ်ရတဲ့အခြေအနေကို ရောက်မှာပါ။ နိုင်ငံတစ်ဝန်းလျှပ်စစ်ဓာတ်အားပြတ်တောက်ကာ ဆက်သွယ်မှုတွေကိုလည်း ထိခိုက်စေမှာပါ။ ဖုန်းတာဝါတိုင်တွေ၊အင်တာနက်တွေ၊ ဘဏ်လုပ်ငန်းတွေ၊ စစ်ဖက်လုပ်ငန်းတွေ အကုန်ထိခိုက်စေမှာလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီလိုလက်နက်တွေကို အာကာသထဲမှာလည်း ကာကွယ်နိုင်ဖို့လို တယ်လို့ အမေရိကန်အာကာသတပ်ဖွဲ့က အရေးတကြီးဆိုလာနေပါတယ်။

ယနေ့ထိတော့ ဂြိုဟ်တုဖျက် ဒုံးကျည်လက်နက်(ASAT)တွေကို ဘယ်နိုင်ငံကမှ မသုံးကြသေးပါဘူး။ ဒါပေမယ့် အမေရိကန်၊ ရုရှား၊ တရုတ်နဲ့အိန္ဒိယ လေးနိုင်ငံကတော့ ဒီလက်နက်တွေပိုင်ထားပြီး မိမိတို့ကိုယ်ပိုင် အသုံးမလိုတဲ့ဂြိုဟ်တုတွေကို ဒီလက်နက်တွေနဲ့ပစ်ခတ်ဖျက်ဆီးကာ စမ်းသပ်ခဲ့ကြပါတယ်။

ဒီလိုသာဆိုရင် လက်ရှိကမ္ဘာမြေပြင်ပေါ်မှာ လူသားတို့ကိုခြိမ်းခြောက်နေတဲ့ နျူးကလီးယားလက်နက်တွေက နောင်ဆိုရင် အာကာသအတွင်းထိ တပ်ဖြန့်ရောက်ရှိကာ လူသားတို့အနေနဲ့လည်း မြေပြင်နဲ့အာကာသအတွင်း အပြန်အလှန်ပစ်ခတ်မှုတွေကိုပါရှုမြင်ကြရနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း စစ်အင်အားကြီးနိုင်ငံတို့ရဲ့ အာကာသဆိုင်ရာလက်နက်သစ်တွေကြောင့် လူသားတို့အဖို့စိတ်ကူးယဉ် ဇာတ်လမ်းတွေအဖြစ်သာ ကြည့်ခဲ့ကြရတဲ့ ကြယ်တာရာစစ်ပွဲ(Star War) တွေကို မျက်ဝါးထင်ထင် တွေ့ ကြရလေဦးမလား ယူဆမိပါတော့တယ်။

Ref, Daily Mail, Wikipedia

Leave a Reply

Your email address will not be published. Required fields are marked *

Related News