SAC ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့် သတင်းမှာ မဟုတ်မှန်ဘဲ ယနေ့တွင် တာဝန်များ ပုံမှန်ထမ်းဆောင်နေ

၂၉. ၄. ၂၀၂၄
Written by Nyein Kyaw

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် မော်လမြိုင်ရှိ နယ်မြေခံတပ်မတော်ဆေးရုံမှ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များအား ယနေ့တွင် သွားရောက်တွေ့ဆုံ အားပေးခဲ့ကြောင်း ယနေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ သတင်းထုတ်ပြန်ထားသည်။

ထို့ပြင် SAC ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ  ဝန်ကြီးချုပ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများကို မော်လမြိုင်မြိုတွင် တွေ့ဆုံအမှာစကားပြောကြားခဲ့ပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှာ နယ်စပ်ဒေသများဖြစ်ကာ အရေးပါသည့် နယ်စပ်ကုန်သွယ်ရေးဝင်ပေါက်များရှိသည့်အတွက် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်နှင့် နယ်စပ်ကုန်သွယ်ရေးကဏ္ဍ တိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ရမည့်အခြေအနေများ၊ လက်ရှိဖြစ်ပေါ်နေသည့် အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့်ပတ်သက်ပြီး နိုင်ငံတော်၊ တပ်မတော်နှင့် ပြည်သူ သုံးဦးသုံးဖလှယ် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ပြီး ဒေသခံပြည်သူများ ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

SAC ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် PDF များက ဒရုန်းဖြင့် Drop Bomb ချ တိုက်ခိုက်ခံခဲ့ရသည်ဟုဆိုကာ သတင်းမှားများ ထွက်ပေါ်ခဲ့ပြီးနောက် တစ်လနီးပါးကြာ လူမြင်ကွင်းမှ ပျောက်ကွယ်လျက်ရှိရာမှ ယနေ့တွင် အဆိုပါသတင်းများ ထွက်ပေါ်ခဲ့သလို မဟုတ်ဘဲ ပုံမှန်အတိုင်း တာဝန်များထမ်းဆောင်နေခဲ့သည်ကို သိရှိရသည်။

SAC ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ကရင်ပြည်နယ်၊ မြဝတီမြို့တိုက်ပွဲအတွင်း ဆောင်ရွက်ခဲ့သည့် နိုင်ငံတော်စစ်ဆင်ရေးဖြစ်သော ‌အောင်ဇေယျစစ်ဆင်ရေးအား ဦးဆောင်နေကြောင်း သတင်းများထွက်ပေါ်ခဲ့သလို မြဝတီမြို့မှ PDF များကို ဧပြီ ၂၀ ရက်တွက် တိုက်ထုတ်ကာ ဧပြီ ၂၃ ရက်တွင် မြို့ကိုထိန်းသိမ်း၍ တစ်ပတ်ခန့်အကြာ ယနေ့ ထုတ်ပြန်သည့် သတင်းအရ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့အတွင်း နယ်မြေစိုးမိုးရေးလုပ်ငန်းများကို ဦးဆောင်နေခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *