၂၉. ၄. ၂၀၂၄
Written by Hey Mar

လည်ပင်းဓားနဲ့လှီးပြီး ဆိုင်ကယ်လုပြေးတဲ့ဖြစ်စဥ် ဒီနေ့ ဧပြီ ၂၉ ရက် နေ့လယ် ၃ နာရီလောက်က ပဲခူးတိုင်း အုတ်တွင်းမြို့နယ်အပိုင်၊ ခပေါင်းဆည်လမ်း၊ တိမ်ညွန့်ကျေးရွာအရှေ့ဘက်တောစပ်နားမှာ ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဥ်ကို မြေပြင်အကူအညီ သွားရောက်ခဲ့တဲ့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဥ်က အုတ်တွင်းမြို့နယ်၊ ကြက်သွန်ခင်း(၂)ရပ်ကွက်မှ ဆိုင်ကယ် ကယ်ရီသမား ကိုအောင်ဇော်ဦးကို မျက်နှာစိမ်းလူတစ်ဦးက ဆိုင်ကယ်ငှားပြီး ပေါက်တောကျေးရွာအုပ်စုထဲက လက်ပံခုန်ကျေးရွာဘက်ကို ငှားရမ်းတယ်လို့ သိရပါတယ်။ အဲ့ဒီနောက် တိမ်ညွန့်ကျေးရွာအရှေ့ဘက်တောစပ်နား အရောက် အနောက်ကနေ လည်ပင်းသိုင်းဖက် ဓားနဲ့လှီးဖြတ်ကာ ဆိုင်ကယ်လုပြီးထွက်ပြေးသွားတာလို့ သိရပါတယ်။

ဖြစ်စဥ်ကို ဒေသခံ ကမ်းလင့်လက်များပရဟိတအဖွဲ့ထံ တာဝန်သိပြည်သူတစ်ဦးက အကြောင်းကြားတာကြောင့် အုတ်တွင်းဆေးရုံအရေးပေါ်ကို အချိန်မီအခမဲ့ပို့ဆောင်ကူညီပေးခဲ့ကာ အဲ့ဒီကနေတစ်ဆင့် တောင်ငူဆေးရုံဆီ လွှဲပြောင်းကုသမှုခံယူနိုင်စေဖို့ ရင်ခုန်သံရှင်သန်ရေးလူမှုကူညီရေးအသင်းက ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

“အခု တောင်ငူဆေးရုံကို လွှဲလို့ပို့ပေးထားတာ သက်တော့သက်သာတယ်ပြောပါတယ်။ ခေါင်းတော့ သိပ်လှန်လို့မရဘူး။ အဲ့ဘက်က တောင်ပေါ်လမ်းတွေ လူပြတ်တယ်။ ပေါက်ခေါင်းအထိ ပေါက်တဲ့လမ်း ရိုးမဖြတ်လမ်း။ အဲ့ဒီဘက်မှာ ဦးဇင်းတို့ ANO ထဲက ကမ်းမယ့်လက်များ အသင်းရှိတယ်။ သူတို့က အုတ်တွင်းဆေးရုံပို့ပေးထားတာ။ လွှဲပြောင်းကြမှ ရင်ခုန်သံက ပို့တာပါ”လို့ ရှင်ခုန်သံရှင်သန်ရေးလူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *