၂၉.၄.၂၀၂၄
Translated by Htwe Ko Tun

မြန်မာ့တပ်မတော်နှင့် လူမျိုးစုလက်နက်ကိုင်အုပ်စုများ၏​တပ်ဖွဲ့များအကြား ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးက တန်ဖိုးအားဖြင့် ၄၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ထိုင်းစက်မှုလုပ်ငန်းများအဖွဲ့ချုပ် FTI က ဧပြီလ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးတွင် ထိုင်းနိုင်ငံမှ ပို့ကုန်များဖြစ်သော လူသုံးကုန်ပစ္စည်းများနှင့် စွမ်းအင်ဆိုင်ရာပစ္စည်းများကို တက်ခ်ပြည်နယ်၊ မဲဆောက်ခရိုင်ကိုဖြတ်၍ နယ်စပ်၏အခြားတစ်ဖက် မြဝတီမြို့အတွင်းသို့ ဖြတ်သန်း၍ အဓိကအားဖြင့်တင်ပို့ခြင်းဖြစ်သည်။ အာရှလမ်းမကြီးက အဆိုပါမြို့များကို ဖြတ်၍ ရန်ကုန်မြို့နှင့် ထိုင်းနိုင်ငံ တက်ခ်ပြည်နယ်တို့ကို ဆက်သွယ် ဖောက်လုပ်ထားသည်။

FTI ၏ နယ်စပ်ကုန်သွယ်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ဆူရီယွန်တူချင်ဒါက နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးတန်ဖိုးက နှစ်စဉ် ဘတ်ငွေ ဘီလျံ ၁၀၀ ကျော်ဖိုးအထိရှိကြောင်း၊ ပဋိပက္ခကြာရှည်ပါက နယ်စပ်ကုန်သွယ်ရေးကို များစွာထိခိုက်စေနိုင်ကြောင်း ပြောခဲ့သည်။ စီးပွားရေးကောင်းမွန်စေရန်အလို့ငှာ မြန်မာ့တပ်မတော်နှင့် ကရင်လက်နက်ကိုင်အုပ်စုတို့အကြား နောက်ဆုံးဖြစ်ပွားခဲ့ကြသည့် ထိပ်တိုက်တွေ့ဆုံမှုကို အဖြေတစ်ရပ်ရှာနိုင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ၎င်းကပြောခဲ့သည်။

ထိုင်းအစိုးရ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း မြန်မာနိုင်ငံက ထိုင်းနိုင်ငံမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော် ဝါရီလအတွင်း အဓိက တင်သွင်းကုန် ၁၀ ခုတန်ဖိုးမှာ ဘတ်ငွေ ၂၇ ဒသမ ၅ ဘီလျံဖိုးရှိရာ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်လျှင် သုည ဒသမ ၁၉ ရာခိုင်နှုန်း လျော့ကျသွားခဲ့ကြောင်း စာရင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံက ထိုင်းနိုင်ငံမှ ဒီဇယ်ဆီတင်သွင်းမှုက ၁ ဒသမ ၄၉ ရာခိုင်နှုန်း၊ ဓာတ်ဆီတင်သွင်းမှုက သုည ဒသမ ၉၃ ရာခိုင်နှုန်း၊ ကွန်ပျူတာနှင့်ကွန်ပျူတာပစ္စည်းများတင်သွင်းမှုက ၁၈ ဒသမ ၁ ရာခိုင်နှုန်းနှင့် အခြားစက်မှုထုတ်ကုန်များက ၁၇ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။

အဖျော်ယမကာသွင်းကုန်များတွင်မူ ၅ ဒသမ ၄၈ ရာခိုင်နှုန်း၊ ရော်ဘာတင်သွင်းမှုက ၁၈ ဒသမ ၃ ရာခိုင်နှုန်း၊ သကြားတင်သွင်းမှုက ၁၇ ဒသမ ၈ ရာခိုင်နှုန်းနှင့် စိုက်ပျိုးရေးထုတ်ကုန်တင်သွင်းမှုများက ၄ ဒသမ ၉၄ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့ကြကြောင်း စာရင်းဇယားများကဖော်ပြခဲ့သည်။

မြဝတီနှင့် တက်ခ်ပြည်နယ်စစ်ဆေးရေးဂိတ်က နှစ်နိုင်ငံအကြား နယ်စပ်စစ်ဆေးရေးဂိတ် ငါးခုရှိသည့်အနက် တစ်ခုအပါ အဝင်ဖြစ်သည်။ အခြားစစ်ဆေးရေးဂိတ်များက ထိုင်းနိုင်ငံအတွင်း ချင်းရိုင်ပြည်နယ် မဲဆိုင်မြို့၊ ကန်ချနာပူရီပြည်နယ် ဖူနမ်ရွန်ဒေသ၊ ပရာချွတ် ကီရိခန်းပြည်နယ် ဆင်ခွန်တောင်ကြားနှင့် ရနောင်းပြည်နယ်အတွင်း ရနောင်းမြို့တို့တွင် ရှိကြသည်။

FTI ထုတ်ပြန်ချက်အရ နယ်စပ်ကုန်သွယ်ရေးတွင် ထိုင်းက မလေးရှားနှင့်အများဆုံးဖြစ်ကာ စုစုပေါင်းနယ်စပ်ကုန်သွယ်ရေးတန်ဖိုး၏ ၃၁ ရာခိုင်နှုန်းရှိသည်။ လာအိုနှင့် နယ်စပ်ကုန်သွယ်မှုက ၂၈ ရာ ခိုင်နှုန်းရှိကာ မြန်မာနိုင်ငံနှင့်တတိယအများဆုံးဖြစ်၍ ၂၄ ရာခိုင်နှုန်းရှိသလိ ကမ္ဘောဒီးယားနှင့် ၁၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

Ref- Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *