April 27, 2024

MT News

Written by Tha Doe

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုဆေးဝန်ထမ်း တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တပ်မတော်တွင် ပထမဆုံးအကြိမ်အဖြစ် အသည်းအစားထိုး ခွဲစိတ်ကုသမှု ဒုတိယနေ့ကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀)ရှိ အထူးကုသမှုစင်တာ၌ ဆက်လက်ပြုလုပ်သည်။

ဒုတိယနေ့ အသည်းအစားထိုးကုသမှုတွင် ဒေါ်ခင်သူဇာမျိုးနှင့် အသည်းအလှူရှင်ဖြစ်သည့် ဒေါ်ကေသီမြင့် တို့ကို ခွဲစိတ်ကုသမှု ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အသည်းအစားထိုး ခွဲစိတ်ကုသမှုဆောင်ရွက်ရာတွင် အသည်းအလှူရှင်လူနာထံမှ အသည်း ထုတ်ယူခြင်းကို စက်တင်ဘာ ၂၈ ရက် နံနက် ၈ နာရီတွင် စတင်ခဲ့ပြီး စုစုပေါင်းခွဲစိတ်ချိန် ၁၂ နာရီခန့် ကြာမြင့်ခဲ့သည်။ အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏ ကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး ယခုအချိန်တွင် အထူးကြပ်မတ်ကုသခန်း၌ လိုအပ် သော ပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ အသည်းအစားထိုး ခွဲစိတ်ကုသမှုကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်နှင့် အစာအိမ်အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း(မြန်မာ) မှ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြသည်။

အသည်းအစားထိုးခွဲစိတ်ကုသမှုကို ပထမနေ့တွင် တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးချုပ် ခင်အောင်ထွန်းနှင့် ဒုတိယဗိုလ်မှူးကြီး သူရိန်ကျော်မြင့်တို့ ဦးစီးသော ခွဲစိတ်ပါရဂူအဖွဲ့၊ ပါမောက္ခ ဗိုလ်မှူးကြီး ဒေါ်ယုအေးလတ် ဦးစီးသော မေ့ဆေးနှင့် အထူးကြပ်မတ်ကုသမှုအဖွဲ့တို့နှင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြိုရှိ Apollo Hospital မှ အသည်းအစားထိုးခွဲစိတ်ဆရာဝန်ကြီး Dr. Neerav Goyal ဦးဆောင်သော အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံမှ အသည်းအစားထိုး ခွဲစိတ်ကုသမှုအဖွဲ့တွင် ခွဲစိတ်ဆရာဝန်များအဖြစ် Dr. Neerav Goyal နှင့် Dr. Arun Kumar၊ မေ့ဆေးဆရာဝန်များအဖြစ် Dr. Sanjeev Aneja နှင့် Dr. Anupam Raj၊ အထူးကြပ်မတ်ကုသမှု ဆရာဝန်အဖြစ် Dr. Arvind Jerome Bose၊ ခွဲစိတ်ခန်းသူနာပြုများအဖြစ် Mr. Krishna Pathivada နှင့် Ms. Priya Shanthi Lewis၊ ခွဲစိတ်ခန်း/ မေ့ဆေးအကူကျွမ်းကျင်သူအဖြစ် Mr. Priyank Uphdayay တို့ ပါဝင်ခဲ့ကြသည်။

ယခင်ပထမနေ့က ခွဲစိတ်ထားသော အသည်းအလှူရှင်လူနာနှင့် အသည်းအစားထိုး ခွဲစိတ်ကုသမှုခံယူသည့် လူနာ ၂ ဦး၏ ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လျက်ရှိပြီး ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက လိုအပ်သည့် ကြပ်မတ်ကုသမှုများကို ဆက်လက် ဆောင်ရွက်ပေးလျက်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *