April 28, 2024

MT News

Written by Tha Doe

ရန်ကုန်နှင့် မန္တလေးတွင် ရွှေစင်ရွှေခဲသုံးပိဿာစီအား လေလံဖြင့် ရောင်းချမည်ဟု SAC ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၈ ရက်ညတွင် ကြေညာလိုက်သည်။

SAC ၏ ကြေညာချက်အရ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမရှိ မြန်မာ့ ကျောက်မျက်ရတနာပြတိုက် (ရန်ကုန်) နှင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ၂၆ လမ်းနှင့် ၆၆ လမ်းထောင့်ရှိ Star Mart Mandalay တို့တွင် ရွှေစင်တုံးနှင့် ရွှေစင်ခဲ (၃)ပိဿာစီ ကို စက်တင်ဘာလ ၂၉ ရက် ၁ နာရီမှ ၃ နာရီအတွင်း သတ်မှတ်ထားသော တင်ဒါ ပုံစံဖြည့်စွက်လျက် ဈေးပြိုင်တင်ဒါစနစ်ဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ရောင်းချပေးမည်ဖြစ်သဖြင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ နေပြည်တော် (ရုံးချုပ်)၊ မြန်မာ့ကျောက်မျက်ရတနာပြတိုက် (ရန်ကုန်) နှင့် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ မန္တလေးစခန်းရုံး တို့တွင် အသေးစိတ်အချက်အလက်များကို စုံစမ်းနိုင်ကြောင်း ဖော်ပြထားသည်။

ထိုသို့ ရွှေလေလံရောင်းချမှုအပြင် SAC က စျေးအမြဲလျှော့ရောင်းချပေးနေသော ရွှေဒင်္ဂါးပြားများ ရောင်းချခြင်းကိုလည်း ယခင်အတိုင်း ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ရွှေစျေးဆက်တိုက်ကျဆင်းနေခြင်းနှင့် SAC က ရွှေဒင်္ဂါးပြားများကို စဥ်ဆက်မပြတ်စျေးလျှော့ရောင်းချနေခြင်းကြောင့် ဩဂုတ် ၃၁ ရက်က တစ်ကျပ်သား ကျပ် ၃၈ သိန်းအထိ အမြင့်ဆုံးရောက်ရှိခဲ့သည့် ပြည်တွင်းရွှေစျေးမှာ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂၅၈၀၀၀၀ အထိ ကျပ် ၁၂ သိန်းကျော် ပြိုဆင်းလာခဲ့ချိန်တွင် ရွှေလေလံရောင်းချမှုကြောင့် ဆက်လက်ကျဆင်းပြီး ယခင်စျေးနှုန်းအဆမတန်မမြင့်တက်မီ ကျပ် ၂၁ သိန်းပတ်လည်အကြား ကျဆင်းသွားမည်ဟု ခန့်မှန်းမှုများရှိနေသည်။

”ဇူလိုင်လထဲမှာ ကမ္ဘာ့ရွှေစျေးက ၁၈၂၅ လောက်မှာ ပြည်တွင်းရွှေစျေးက ၂၀၅၀၀၀၀ ပတ်ခြာလည်ပဲ။ အဲဒီမှာ ဇူလိုင် စတုတ္ထအပတ်ကနေ ဩဂုတ် ၃၁ ရက်အထိ ကမ္ဘာ့ရွှေစျေးက မတက်ဘဲ ပြည်တွင်းရွှေစျေးကို ၃၈ သိန်းအထိ ဆွဲတင်သွားတာ။ အခုတော့ ကမ္ဘာ့ရွှေစျေးကလည်း ဇူလိုင်ကထက် ဒေါ်လာ ၂၀၀ လောက် ထိုးကျ၊ ပြည်တွင်းမှာကလည်း စျေးကစားလို ဖမ်းတာရော၊ ဒေါ်လာစျေး ငြိမ်နေတာရော၊ ကမ္ဘာ့ရွှေစျေးကျတာရော၊ ရွှေတွေပြန်ထုတ်တာတို့ ပြည်ပကသွင်းနေတာတို့ သတင်းတွေရော အစိုးရက ရွှေဒင်္ဂါးတွေ စျေးချရောင်းနေတာရောကြောင့် စျေးက ပြန်ပြိုကျတာပေါ့။ အခု ရွှေလေလံပါ ပိဿာချီ ရောင်းမယ်ဆိုတော့ စျေးက ဇူလိုင်လဆန်းကစျေးလောက်တောင် ပြန်ရောက်မလား တွေးစရာဖြစ်လာတယ်” ဟု ရွှေလုပ်ငန်းရှင်တစ်ဦးက မှတ်ချက်ပြုသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News