April 28, 2024

MT News

Written by Nay Moe

NUG ၏ နွေဦးတော်လှန်ရေးတစ်နှစ်ခွဲကျော်ကာလအတွင်း နိုင်ငံခြားတိုင်းပြည်များ၏ ထောက်ပံ့ငွေ ယနေ့အထိ လုံးဝမရရှိသေးကြောင်း NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်ဟု ၎င်း၏ Page တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ပြောကြားချက်ကို စက်တင်ဘာလ ၂၈ ရက်တွင် ကျင်းပသည့် NUG ၏ (၇) ကြိမ်မြောက် ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်းများထဲမှ ဒူဝါလရှီးလ၏ Page တွင် ကောက်နုတ်ဖော်ပြခဲ့ခြင်းဖြစ်သည်။

”နိုင်ငံတော်ဘဏ္ဍာသည် မိမိတို့အစိုးရအတွက် အလွန်အရေးကြီးပါသည်။ အစိုးရယန္တရားတစ်ခုလုံး လည်ပတ်ရန် ဘဏ္ဍာငွေဟာ အင်မတန်အရေးကြီးသည့် မဏ္ဌိုင်ဖြစ်ပါသည်။ အထူးသဖြင့် တိုက်ပွဲဝင် အစိုးရဖြစ်သည့် အားလျော်စွာ PDF ရဲဘော်များကို စုစည်းလေ့ကျင့်ပေးခြင်း၊ လက်နက်တပ်ဆင်ပေးခြင်း၊ စားနပ်ရိက္ခာဆေးဝါးများ ပံ့ပိုးပေးခြင်း၊ စစ်ဆင်ရေးစရိတ်များ ပံ့ပိုးပေးခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်အချိုအား မျှဝေပေးခြင်း စသည့် ကဏ္ဍများတွင် လစ်ဟင်းမှုမရှိစေရန် အချိန်နှင့်တပြေးညီဆောင်ရွက်ရပါသည်။ ထို့အတူ မိမိတို့အစိုးရ၏ ကြီးမားလှသည့် ဘဏ္ဍာငွေ အသုံးစရိတ်များကို ပြည်သူလူထု၏ ချွေးနည်းစာ စေတနာဖြင့် မတည်လည်ပတ်နေခြင်း ဖြစ်သည့်အားလျော်စွာ စနစ်ကျဖို့၊ ဦးစားပေး ကဏ္ဍများတွင် သုံးစွဲတတ်ဖို့၊ အလေအလွင့် မရှိဖို့၊ ကိုယ်ကျိုးအတွက် အသုံးမပြုမိဖို့ အလွန်အရေးကြီးပါသည်။ ယနေ့အချိန်ထိ နိုင်ငံခြားတိုင်းပြည်များမှ ထောက်ပံ့ငွေများ လုံးဝ မရရှိသေးသည့်အတွက် မိမိတို့ ပြည်သူပြည်သားများ၏ မေတ္တာစေတနာဖြင့် ပံ့ပိုးပေးသော ငွေများဖြင့်သာ ယခုတော်လှန်ရေးကို အဓိကမောင်းနှင်နေခြင်းဖြစ်ပါသည်” ဟု ဒူဝါလရှီးလက ပြောသည်။

NUG အနေဖြင့် ယခုနှစ်အတွင်း တိုက်စစ်အရှိန်မြှင့်တင်မည်ဟု ပြောထားပြီး ထိုသို့ မြှင့်တင်နိုင်ရေး PDF များကို လက်နက်တပ်ဆင်ပေးရန် ဒေါ်လာသန်း ၁၀၀ လိုအပ်သည်ဟုလည်း ပြောဆိုထားသည်။

NUG အနေဖြင့် ကမ္ဘာ့နိုင်ငံအားလုံးက ယင်းတို့၏ တော်လှန်ရေးအပေါ် ထောက်ခံနေသည်ဆိုသော်လည်း ငွေကြေးတစ်ပြားတစ်ချပ်မှ ထောက်ပံ့မှု မရရှိသေးသည့်အပေါ် နိုင်ငံရေးသုတေသီတစ်ဦးက ”သူတိုကို ထောက်ခံတယ်ဆိုတဲ့ နိုင်ငံတွေက သူတို့ငွေမကုန်ဘဲ မြန်မာနိုင်ငံအစိတ်စိတ်အမွှာမွှာဖြစ်အောင် မြှောက်ပေးနေတဲ့ သဘောမျိုးပါပဲ။ လေနဲ့တော့ ထောက်ခံတယ်။ လူသားချင်းစာနာမှုအရ စစ်ရှောင်တွေ ကူညီတာရှိမယ်။ သူတို့ တော်လှန်ရေးကျတော့ မထောက်ခံတဲ့သဘော တစ်ပြားတစ်ချပ်မှ မပေးဘူးပေါ့။ ဒါကလည်း စပြီး တော်လှန်ရေးလုပ်ကတည်းက နိုင်ငံ့ဝန်ထမ်းတွေကို အသရေဖျက်ရှုတ်ချ အရှက်ခွဲတာတွေ သံဃာတွေ သီလရှင်တွေ ဝန်ထမ်းတွေနဲ့ မဆိုင်တဲ့သူ ထောင်ချီပြီး ဒလန်ဆိုပြီး လုပ်ကြံတာတွေကို နိုင်ငံတကာက လက်မခံလို သူတို့ကို မထောက်ပံ့တာပေါ့။ နောက်ပြီး အခု NUG ထောက်ခံတဲ့ မီဒီယာတချို့ရေးနေတဲ့ FATF ကိစ္စပေါ့။ Fanancial Action Task Force လို ခေါ်တဲ့ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့တာ။ အဲဒီမှာ မြန်မာပြည်က Grey List ကနေ Black List ဖြစ်မယ်ဆိုရင် မြန်မာပြည်အကျပ်ရိုက်ပြီဆိုပြီး ရေးနေကြတာပေါ့။ ဒါပေမဲ့ အခု NUG ရဲ့ အလှူငွေတွေ လက်နက်ဝယ်ယူမှုတွေက အိမ်နီးချင်းနိုင်ငံတွေကနေ မှောင်ခိုဝယ်နေလို ရနေတယ်ဆိုတာ တစ်ကမ္ဘာလုံးသိနေတယ်။ NUG ရဲ့ PDF တွေကိုင်တဲ့ လက်နက်တွေက တူရကီကလား၊ အမေရိကန်ကလား၊ ဘယ်ကထုတ်နေတာတွေလဲ။ ဒီလက်နက်တွေကိုရော NUG က ဘယ်လိုမှောင်ခိုလမ်းကြောင်းကနေ ဝယ်နေလဲ လိုက်ကြည့်မယ်ဆိုရင် လိုက်စစ်မယ်ဆိုရင် ကမ္ဘာ့နိုင်ငံကြီး တချို့တောင် NUG ကြောင့် အခက်တွေ့နိုင်တယ်။ ဒါ့ကြောင့် သူတိုကို ငွေကြေးမထောက်ပံ့ဘူးပေါ့” ဟု မှတ်ချက်ပြုသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News