၁၅. ၁၂. ၂၀၂၂
MT News Editorial

မြန်မာဟု ဆိုသည်နှင့် ဖော်ရွေသည့်အပြုံး၊ အေးချမ်းသည့်စိတ်ထား၊ လူတကာကို ကူညီပေးကမ်းတတ်သောစိတ်၊ အလှုအတန်းရက်ရောမှုများမှာ ကမ္ဘာကျော်အောင် ထင်ရှားပေသည်။

ပြည်တွင်းစစ်အနှစ် ၇၀ ကျော် ဖြစ်နေသည့်နိုင်ငံ၊ အာဏာပဋိပက္ခဖြစ်ပွားကာ ပြည်သူအချင်းချင်းသတ်ဖြတ်နေသည့်နိုင်ငံဟု နိုင်ငံတကာသတင်းများတွင် ပုံဖျက်ခံနေရသော်ငြား ယခုကာလများတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာသူများမှာ မြန်မာလူမျိုးများ၏ ဖော်ရွေအေးချမ်းသော အပြုံးများ၊ ကူညီမှုများကိုသာ ရင်ဆိုင်ရချေရာ ကမ္ဘာ့မီဒီယာမျက်နှာစာများ၏ လှုံ့ဆော်မှုများနှင့် တခြားစီဖြစ်နေသည်ဟု မှတ်ချက်ပြုကြသည်ကိုလည်း မကြာခဏ ကြားသိရပေသည်။

ထိုသို့ မြန်မာဟေ့ဆိုသည်နှင့် ဖော်ရွေသည့်အပြုံး၊ အေးချမ်းသည့်စိတ်ထား၊ လူတကာကို ကူညီပေးကမ်းတတ်သောစိတ်၊ ကမ္ဘာကျော်အောင် အလှူအတန်းရက်ရောမှုများမှာ ကမ္ဘာတွင် ထင်ရှားသော်ငြား မြန်မာလူမျိုးများတွင် ပျောက်ရှနေသော အလှတရားတစ်ခု ရှိနေပါသေးသည်။

ထိုအလှတရားမှာ ကိုယ့်ထက်နိမ့်သူကို သနားကူညီသော်ငြား ကိုယ့်ထက် မြင့်မားသွားပါက မနာလိုစိတ်ကြီးစွာဖြင့် အောက်တန်းတကျတိုက်ခိုက်တတ်သော၊ မုဒိတာ မပွားနိုင်သော စိတ်ထားအလှပင်ဖြစ်ပေသည်။

ထိုမုဒိတာ မပွားနိုင်သော မနာလိုမစ္ဆရိယစိတ်၏ အရှိန်မှာ မည်မျှအထိ နိုင်ငံ့အတွက် ကြီးမားသည့် ပြသနာဖြစ်သည်ဟု တွက်ဆပြရမည်ဆိုချေက မြန်မာလူမျိုးများ မတိုးတက်ဘဲ ဆုတ်ယုတ်သထက် ဆုတ်ယုတ်လာသည့် အရင်းခံ၏ ဇစ်မြစ် ပြဿနာပင်ဖြစ်သည်ဟု MT News သတင်းဌာနက ယူဆမိပါသည်။

သက်သေသာဓကများဖြင့် ပြဆိုပါကမူ တပည့်က ဆရာထက် တော်သွားမည်ကို စိုးရိမ်ပူပန်သည့် မနာလိုမစ္ဆရိယစိတ်ကြောင့် တပည့်အပေါ် ပညာကုန်သင်မပေးဘဲ “ပညာကို သေရွာသို့ သယ်သွားကြလေရာ” မြန်မာ့ရိုးရာလက်မှုပညာကဏ္ဍများအပါအဝင် ယဥ်ကျေးမှုကဏ္ဍတိုင်းလိုလို၌ နိမ့်ကျသထက်နိမ့်ကျကာ မြန်မာ့ရိုးရာလက်မှုပညာများ အဆင့်မြင့်မားမှုပျောက်ရှသထက် ပျောက်ရှလာပေသည်။

အထင်ရှားဆုံးမှာ ပန်းဆယ်မျိုးကဲ့သို့ ရိုးရာလက်မှုကဏ္ဍများတွင် ရှေးနှစ် ၁၀၀ ခန့်က ထုဆစ်ခဲ့သည့် အဆင့်မြင့်သော ကမ္ဘာကျော်လက်ရာများ ဖန်တီးနိုင်သူ ယနေ့ခေတ်တွင် ပေါ်ထွန်းမလာတော့သည်ကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်ရမည်ဖြစ်ပေသည်။

ထို့အတူ မြန်မာ့ထုတ်ကုန်လုပ်ငန်းများသည်လည်း အခြားနိုင်ငံများမှ လုပ်ငန်းများကဲ့သို့ နှစ်ပေါင်း ရာချီ တိုးတက်လာသည်မရှိဘဲ မိဘလက်ထက်အောင်မြင်ပြီး မိဘမရှိသည်နှင့် ကျဆုံးကာ တည်တံမှု အနှစ် ၅၀ ကျော်သည့် လုပ်ငန်းများ မရှိသလောက် နည်းသည်ကိုလည်း တွေ့မြင်ရပေသည်။

ထိုသည်များမှာလည်း မြန်မာများ၏ မနာလိုမစ္ဆရိယအရ ထူးချွန်သောတပည့်များကို နေရာမပေးလိုခြင်း၊ မိသားစုပိုင်အဖြစ်မှ အဆင့်မတက်နိုင်ခြင်း၊ အရည်အချင်းမရှိသော မိမိသွေးသားကိုလည်း နှစ်ပေါင်းဆယ်ချီလုပ်ငန်းအောင်မြင်သည့်အထိ သင်ကြားပေးနိုင်သော အသိဉာဏ်နည်းပါးခဲ့ကာ ငါမရှိလို့ မဖြစ်ဟူသော ငါတကောကောသည့် ဦးနှောက်ဖြင့် လုပ်ငန်းအားထိန်းချုပ်ခြင်းများ ပြုလုပ်ကြလေရာ အကြောင်းတစ်ခုခုကြောင့် မိဘက လူလုံးမလှချိန်တွင် ရှင်လျက်နှင့် သေသည့်အဖြစ်များ၊ လုပ်ငန်းရပ်တန့်ရသည့်အဖြစ်များစွာကိုလည်း MT News သတင်းဌာနက မြင်နေကြားနေရပါသည်။

ဗြဟ္မစိုရ်တရားလေးပါးဟုဆိုရာတွင် မြန်မာလူမျိုးများမှာ မေတ္တာ၊ ကရုဏာ၊ ဥပေက္ခာသုံးပါးအား ပွားများနိုင်သော်ငြား မုဒိတာပွားနိုင်မှုမရှိခြင်းမှာ မြန်မာနိုင်ငံတိုးတက်စေရေးအတွက် ပျောက်ရှနေသော အလှတရားတစ်ရပ်ပင်ဖြစ်ပေသည်။

ကိုယ့်ထက်သာသူအပေါ် မုဒိတာထားနိုင်ခြင်း၊ မိမိထက်ထူးချွန်သော တပည့်များမွေးထုတ်ပြီး ဆရာကောင်းတစ်ယောက်အဖြစ် လက်မထောင်ကာ ပညာမျိုးဆက်ဖြန့်၍ ပိုမိုတိုးတက်သော လုပ်ငန်းကဏ္ဍအဝန်းအဝိုင်းတစ်ခု ထူထောင်ပြီး နိုင်ငံကို တိုးတက်စေခြင်း၊ မိသားစုအလိုက် ဆွေစဉ်မျိုးဆက်အောင်မြင်သော လုပ်ငန်းအဖြစ် ကြီးကျယ်စွာရပ်တည်နိုင်ခြင်း ဖြစ်စေရန် မိမိ၏ နိမ့်ကျသော အတွေးအခေါ်များပြောင်းလဲကာ မုဒိတာပွားခြင်း ပြုလုပ်စေလိုပါသည်။

ထိုသို့ မုဒိတာတရား ပြန်လည်ထွန်းကားမှသာ မိမိ၏ မိသားစုဘ၀တိုးတက်ခြင်း၊ မိမိ၏ မိသားစုဘ၀တိုးတက်ခြင်းမှသည် နိုင်ငံ့၏ တိုးတက်ခြင်းအထိ ဆောင်ကျဉ်းပေးနိုင်မည်ဖြစ်ပါသဖြင့် မြန်မာလူမျိုးများတွင် ပျောက်ရှနေသည့် မုဒိတာ တရား ပြန်လည်မွေးဖွားခြင်းဖြင့် နိုင်ငံနှင့်လူမျိုးပါ ဂုဏ်ယူစွာတင့်တယ်နိုင်သော အလှတရားများ ပြန်လည်မွေးဖွားပေးပါရန်လည်း MT News သတင်းဌာနက တိုက်တွန်းလိုပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *