November 1, 2024

၁၅. ၁၂. ၂၀၂၂
Written By Myo Khine

ရန်ကုန်တိုင်းဒေသကြီး ၊ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ ၂၇ လမ်း(အောက်ဘလောက်)ရှိ တိုက်ခန်းအတွင်း အမျိုးသားတစ်ဦးအား ဓားဖြင့် လှီးဖြတ်သတ်ခဲ့သူဟု ယူဆရသူကို ထိန်းသိမ်းစစ်ဆေးနေကြောင်း ပန်းဘဲတန်းမြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူက MT News သို့ ပြောသည်။

“အခုက စစ်ဆေးနေတာ ဟုတ်တယ်။ မနေ့က ထိန်းသိမ်းလိုက်တာပေါ့။ သံသယဖြစ်ဖွယ်လူက သူတို့ရဲ့ တူတော်စပ်သူ ဆိုင်မှာ အလုပ်လုပ်နေတဲ့သူ ဖြစ်တယ်။ ကြာပြီ။ အလုပ်လုပ်တာကလည်းလေ။ တရားခံလို့ တိတိကျကျ ပြောလို့တော့ မရသေးဘူး။ အခုက မနေ့ကဘဲ သူ့ကို ပန်းဘဲတန်းရဲစခန်းမှာ ထိန်းသိမ်း စစ်ဆေးနေတယ်”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

သက်ဆိုင်ရာက ယင်း သံသယရှိသူကို CCTV မှတ်တမ်းဖြင့် ထောက်လှမ်းစစ်ဆေးခြင်းများပြုလုပ်နေစဉ် ယင်း တရားခံဟုယူဆရသူက သေဆုံးသူ၏ တူတော်စပ်သူ ဆိုင်တွင် အလုပ်ပြန်လာဆင်းစဉ် ထိန်းသိမ်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ သိတာကတော့ အခု အဖမ်းခံရသူနဲ့ သေသွားသူတို့ ပြဿနာဖြစ်တယ်လို့ သိရတယ်။ ပိုက်ဆံ ၈ သိန်းနဲ့ ဖုန်းတစ်လုံး လာယူသွားတဲ့ကိစ္စနဲ့ စကားများကြတယ်တဲ့။ အဲဒီလို ဖြစ်ပြီး နောက်နေ့မှာ အသတ်ခံရတာပဲ။ဦးလာလူးရဲ့ နာရေးကို ဒီဇင်ဘာ ၁၃ ရက်နေ့မှာ လုပ်လိုက်ပါတယ်”ဟု သေဆုံးသူနှင့် နီးစပ်သူတစ်ဦးက MT News သို့ ပြောသည်။

သေဆုံးသူမှာ အသက် ၅၇ နှစ်အရွယ် ဦးတင်ထွန်း(ခ)လာလူးဆိုသည့် လူပျိုကြီး ဖြစ်ပြီး တိုက်ခန်း၌ တစ်ဦးတည်းနေထိုင်ကာ ကျန်းမာရေးမကောင်းဖြစ်နေကြောင်း၊ ဓားဒဏ်ရာဖြင့် သေဆုံးနေသည်ကို ဒီဇင်ဘာ ၁၂ ရက်  မွန်းလွဲပိုင်းတွင် တွေ့ခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *