၂၃. ၄. ၂၀၂၄
Written by Thettant

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ကျင်းပနေတဲ့ ခွန်ခမာချန်ပီယံခါးပတ်လုပွဲဆီမီးဖိုင်နယ်အဖြစ် မြန်မာကိုယ်စားပြုထိုးသတ်နေတဲ့ စိုးမိုးဇော်က ခွန်ခမာဖိုက်တာ Chan Samart နဲ့ ဧပြီ ၂၈ ရက်မှာ ထိုးသတ်ရတော့မှာပါ။

ကမ္ဘောဒီးယားနိုင်ငံ WURKZ ကကျင်းပပြုလုပ်တဲ့ IPCC ခွန်ခမာချန်ပီယံခါးပတ်လုပွဲဟာ လက်ဝှေ့ဖိုက်တာ (၈)ဦး ပတ်လည်စနစ်နဲ့ ထိုးသတ်ပြီး ခွန်ခမာချန်ပီယံဆု ရရှိဖို့ယှဉ်ပြိုင်နေကြတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပြီး ခွန်ခမာခါးပတ်လုပွဲအတွက် နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်နေတဲ့ စိုးမိုးဇော်က ပထမပွဲစဉ်မှာ ခွန်ခမာဖိုက်တာ သီးဗာရစ်ကို ရှုံးနိမ့်ခဲ့ပေမဲ့ မတ်လ ၁၇ ရက်က ထိုးသတ်ပွဲမှာ အာဆတ်၊ ခွန်ခမာဖိုက်တာ ရီသီဆိုဖတ်တို့ကို အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာပါ။

ဒီပွဲစဉ်နဲ့ ပတ်သက်ပြီး စိုးမိုးဇော်က”IPCC ပိုစတာတွေ ထွက်ပေါ်လာပြီ။ ဒါက ကျွန်တော့်ကိုပိုပြီး စိတ်လှုပ်ရှား အားတက်စေပါတယ်။ တစ်နေ့ထက်တစ်နေ့ ကျွန်တော့်ရဲ့ စိတ်ခွန်အားတွေ ပိုမိုအားကောင်းလာပြီး ပြင်ဆင်မှုတွေလည်း ပိုမိုအားကောင်းလာပါတယ်။ ကျွန်တော် အဆင်သင့်ဖြစ်နေပါပြီ။ ဒီပွဲက သာမန်ပွဲတစ်ပွဲမဟုတ်ဘဲ ကျွန်တော့်ရဲ့ ဇွဲနဲ့ ကြိုးစားမှုကို သက်သေပြမဲ့ပွဲပါ။ ကျွန်တော့်ကြောင့် ဘယ်သူမှ စိတ်မပျက်စေရပါဘူးလို့ ကတိပေးပါတယ်။ သမိုင်းတွင်ဖို့ အဆင်သင့်ပါပဲ”လို့ အဓိပ္ပါယ်ရတဲ့ စကားစုမျိုးကို ကမ္ဘောဒီးယားစာနဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

လက်ဝှေ့လောကထဲမှာ နာမည်တစ်လုံးနဲ့ ခြေဆန့်လာနေပြီး ခွန်ခမာလက်ဝှေ့ကျော်တွေကို အနိုင်ယူပြနေနိုင်လို့ လူသိများလာတဲ့ စိုးမိုးဇော်က မြန်မာ့လက်ရွေးစင်နောက်ခံလူ စိုးမိုးကျော်ရဲ့ ညီအရင်းပါ။ အားကစားမျိုးရိုးရှိသူဖြစ်သလို ကိုယ်တိုင်က ကြိုးစားမှု ဇွဲ အားကောင်းသူလည်းဖြစ်ပြီး လေ့ကျင့်သားပြည့်၀နေပြီး အဆီပိုမရှိတဲ့ သူ့ ခန္ဓာကိုယ်ပုံရိပ်ကို လူမှုကွန်ရက်မှာ တင်စဉ်ကလည်း သူ့ကြိုးစားအားထုတ်မှုတွေကို ပရိသတ်တွေက ချီးကျုးခဲ့သလို လက်ရှိပွဲတွေ ကျော်ဖြတ်အနိုင်ယူပြီး IPCC ခွန်ခမာချန်ပီယံဖြစ်ဖို့ကိုလည်း မြန်မာပရိသတ်တွေက မျှော်လင့်ဆုတောင်းနေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *