၂၃.၄.၂၀၂၄.
Translated by Htwe Ko Tun

အကယ်၍သာ အမေရိကန်ပြည်ထောင်စုတွင် တရုတ်နိုင်ငံမှ အွန်လိုင်းလူမှုသတင်းမီဒီယာဖြစ်သော Tik Tok ကိုနိုင်ငံအနှံ့ ပိတ်ဆို့ရေးဥပဒေကြမ်းအား အမေရိကန်ကွန်ဂရက်က အတည်ပြုခဲ့လျှင် Tik Tok အနေဖြင့် တရားစွဲအမှုဖွင့်ရလိမ့်မည်ဟု အဆင့်မြင့်အမှုဆောင်တစ်ဦးက အလုပ်သမားများသို့ အသိပေး အမှာစာတစ်စောင်တွင် ပြောကြားခဲ့သည်ဟု ဆိုသည်။

ဧပြီလ ၂၀ ရက်တွင် အမေရိကန်အောက်လွှတ်တော်၌ အတည်ပြုခဲ့သော ပြည်ပအထောက်အပံ့ပေးရေး အစီအစဉ်တစ်ရပ်က အမေရိကန်ပြည်ထောင်စု၌ Tik Tok အသုံးပြုမှုအားပိတ်ပင်ရန်ဥပဒေကြမ်းလည်း ပါဝင်သည်။ ထိုဥပဒေကြမ်းကို အမေရိကန်၊ အထက်လွှတ်တော်သို့ ပေးပို့ကာ ရက်အနည်းငယ်အတွင်း အတည်ပြုနိုင်ရေး ဆက်လက်မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။

Tik Tok ၏ အမေရိကန်ပြည်ထောင်စုဆိုင်ရာ လူထုဆက်သွယ်ရေးမူဝါဒအကြီးအကဲဖြစ်သူ မစ်ချေးလ် ဘက်ကာမန်းက “ဒီဥပဒေကြမ်းကို နောက်ဆုံးမှာ သမ္မတက လက်မှတ်ထိုးအတည်ပြုဖို့ပဲလိုတဲ့အဆင့် ရောက်ပြီဆိုရင် ကျွန်တော်တို့ဘက်ကလည်း တရားရုံးမှာ ဥပဒေအရ ပြန်လည်စိန်ခေါ်ရလိမ့် မယ်။ ဒါက အောက်လွှတ်တော်ဥက္ကဋ္ဌ ရီပတ်ဘလစ်ကန်အမတ် မိုက်ဂျွန်ဆင်နဲ့ သမ္မတ ဂျိုးဘိုင်ဒန်တို့အကြား တစ်ခါမှမကြုံဖူးတဲ့ အပေးအယူပြုမှုပဲ” ဟု ပြောခဲ့သည်။

၎င်းက ဤဖြစ်ရပ်လုပ်ငန်းစဉ်က ယခုမှအစသာဖြစ်၍ ပွဲမပြီးဆုံးသေးပါဘူးဟုလည်း ပြောကြားသွားခဲ့သည်။ Tik Tok ပြောရေးဆိုခွင့်ရှိသူကမူ လက်ရှိအခြေအနေ၌ တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုခြင်း မရှိသေးကြောင်းသိရသည်။

ဥပဒေကြမ်းကိုအတည်ပြုပြီးပါက Tik Tok အား ဖြန့်ချိသူ တရုတ်ကုမ္ပဏီ ဘိုက်ဒန့်စ် အနေဖြင့် အစုရှယ်ယာများကို ရက်ပေါင်း ၂၇၀ အတွင်း ပြန်လည်ရောင်းချရမည်ဖြစ်သည်။ သို့မဟုတ်ပါက Tik Tok အနေဖြင့် အမေရိကန်ပြည်ထောင်စုတွင် တရားမဝင်ဟု ပိတ်ဆို့ခံရမည်ဖြစ်သည်။

Ref- CNN

Leave a Reply

Your email address will not be published. Required fields are marked *