၂၃. ၄. ၂၀၂၄
Written by Hey Mar

သစ်ချောင်းတွေတင်ဆောင်လာတဲ့ သုံးဘီးဂွန်ဒေါင်းနဲ့ ခရီးသည်တင်ဂွန်ဒေါင်း နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိရာက ခရီးသည်တင်ဂွန်ဒေါင်းပေါ်က စီးနင်းလိုက်ပါလာသူ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးတစ်ဦး စိုးရိမ်ရတဲ့အခြေအနေဖြစ်ပွားခဲ့တဲ့ဖြစ်စဥ် မကွေးမြို့ သိင်္ဂါရပ်ကွက် ဗိုလ်ချုပ်လမ်း နဲ့ သပြေလမ်းဆုံမှာ ဒီနေ့ ဧပြီ ၂၃ ရက် မနက် ၉ နာရီ မိနစ် ၄၀ အချိန်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်ကြောင့် အမျိုးသားတစ်ဦးနဲ့ အသက် ၈၀ ကျော်အရွယ် အဘွားတစ်ဦး အပါအဝင် အမျိုးသမီး သုံးဦး ဒဏ်ရာရရှိခဲ့ပြီး၊ ပြင်းထန်ဒဏ်ရာရရှိသူ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးမှာ သစ်ချောင်းတွေနဲ့ ထိမိတဲ့ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။

“သစ်ချောင်းတင်လာတဲ့သုံးဘီးက တစ်ဖက်ယာဥ်ကြောကို ဝင်တိုက်မိတာပါ။ အမျိုးသမီးတစ်ဦးကတော့ စိုးရိမ်ရတယ်။ သတိမရဘူး။ တိုက်တဲ့အရှိန်နဲ့ သစ်ချောင်းက သူထိုင်တဲ့ ဘက်ကနေ ထိုးဝင်လာတော့ ပြင်းပြင်းထန်ထန်ထိသွားတာ” လို့ ​အကူအညီသွားရောက်ခဲ့တဲ့ မြေပြင်လူမှုကူညီရေးအသင်းတာဝန်ရှိသူက ပြောပါတယ်။

ထိခိုက်ဒဏ်ရာ ရှိသူတွေကို ကရုဏာရှင်များအသင်းနဲ့ M-RESCUE မြေပြင်လူမှုကူညီအသင်းတို့မှ သူနာတင်ယာဥ်တွေနဲ့ မကွေးတိုင်းပြည်သူ့ဆေးရုံကြီး အရေးပေါ်ကုသရေးဌာနဆီ ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *